ရှမ်းနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်ညက ကျင်းပရာမှာ ရှမ်းတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအများအပြား ပါဝင်ဆင်နွှဲခဲ့ကြပြီး ရှမ်းပြည်က နာမည်ကြီး အနုပညာရှင်တွေပါ ဖိတ်ခေါ် ဖျော်ဖြေခဲ့ကြပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတော်ဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်ပြီး ဒီနှစ် နိုဝင်ဘာ ၂၂ ရက် တန်ဆောင်မုန်းလကွယ် ညသန်းခေါင်ယံမှာ ရှမ်းနှစ် ၂၁၁၆ ကုန်ဆုံးကာ ဒီနေ့ နိုဝင်ဘာ ၂၃ မှာတော့ ၂၁၁၇ နှစ်သစ်ကို ကျရောက်တာ ဖြစ်ပါတယ်။
ရှမ်းရိုးရာကောက်သစ်စားပွဲနဲ့ နှစ်သစ်ကူးပွဲတော်ကို မြန်မာ့နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွါးရေး အကျပ်အတည်းကာလမှာပဲ မြို့ကြီးတချို့ကလွဲလို့ ပြည်တွင်း ရှမ်းဒေသတချို့နဲ့ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေကြားမှာ ရိုးရာမပျက် ကျင်းခဲ့ကြပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် ၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်း ၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ ၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချားမြို့နယ်၊ မြေပြန့် ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့တွေမှာလည်း ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပခဲ့ပေမဲ့ မကျင်းပနိုင်တဲ့ မြို့နယ်တွေလည်း များစွာရှိတယ်လို့ သိရပါတယ်။