ဂျပန်အရည်အချင်းစစ် စာမေးပွဲတခုဖြစ်တဲ့ Nat-Test စာမေးပွဲကြေးကို အရင်က ကျပ် ၄၂၀၀၀ သတ်မှတ်ထားရာကနေ ကျပ် ၇၂၀၀၀ အထိ တိုးမြှင့်လိုက်တာကြောင့် စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
ငွေကြေးဈေးနှုန်း မြင့်မားလာတာကြောင့် စာမေးပွဲကြေးကို ယာယီတိုးမြှင့် သတ်မှတ်လိုက်တယ် လို့ Nat-Test ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ပြီးနောက် ဂျပန်စာလေ့လာနေကြတဲ့ ကျောင်းသားတွေကြား ဝေဖန်မှုမြင့်တက်လာခဲ့တာပါ။
ဂျပန်အရည်အချင်းစစ် စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူတဦးက “တော်တော်များများက Net-Test ကို ဖြေဖို့ လုပ်နေကြတယ်။ ဖြေဖို့လုပ်နေတာလည်း ကျောင်းသားအရွယ်တွေလေ။ သင်တန်းတက်ရင်း သာမန်အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအတွက် ပိုခက်ခဲသွားတယ်။ တခါဖြေရင် နေရာတိုင်းက လူပေါင်း သောင်းချီ ဖောင်တင်ပြီး ဖြေကြတာ။ အဲဒါကို စာမေးပွဲကြေး တယောက် ခုနှစ်သောင်းကျော်ကောက်တာကတော့ လွန်လွန်းတယ်”လို့ ပြောပါတယ်။
ဩဂုတ်လ ဂျပန်အရည်အချင်းစစ်စာမေးပွဲ JLPT မှာ Myanmar Association of Japan Alumni (MAJA)နဲ့ ကျောင်းသားတွေကြား အခြေအနေတွေ တင်းမာခဲ့တာကြောင့် စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသားတွေဟာ Nat Test နဲ့ Top J ကို အားထားနေကြတာဖြစ်ပါတယ်။
အခုလို Nat Test ဘက်က စာမေးပွဲကြေးတွေ တိုးမြှင့်လိုက်တာဟာ ပြည်တွင်း အခြေအနေတွေကြောင့် ဂျပန်စာ လေ့လာသင်ယူနေတဲ့ ကျောင်းသားတွေအတွက် ကြီးမားတဲ့ အခက်အခဲတခု ဖြစ်လာပါတယ်။