ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲကနေ တရားမဝင်လိုက်လာတဲ့ မြန်မာမိန်းကလေး ၂ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ထိုင်းမှုခင်းသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၉ ရက်က နယ်စပ်လုံခြုံရေးတပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့ဟာ မဲဆောက် - တာ့ခ်သွား ကားလမ်းမကြီးပေါ်ရှိ ဒန်မဲ့လမော့အုပ်စု ဟွေ့ယအုစစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မဲဆောက်ဘက်ကလာတဲ့ အဖြူရောင် အီဆူးဇူးဟိုင်းလပ်ကား ၁ စီးကိုလည်း ရပ်တံ့စစ်ဆေးခဲ့ပါတယ်။
ကားရှေ့ခန်းမှာ ယာဉ်မောင်းနဲ့ အမျိုးသားအဖော်တဦးလိုက်ပါလာပြီး ဥပဒေမဲ့ပစ္စည်းတွေ မပါရှိတာကြောင့် သွားခွင့်ပြုလိုက်ပါတယ်။
အဆိုပါယာဉ်ထွက်ခါနီးမှာ ရဲတပ်ဖွဲ့ဝင် တယောက်က ကားနောက်ခန်းကားဘော်ဒီမှာ ပုံမှန် မဟုတ်တာကိုတွေ့ရှိတာကြောင့် ဒုတိယအကြိမ်ပြန်စစ်ဆေးပြီး ရာဘာအခင်းကို ခွါကြည့်ရာမှာတော့ ဆက်ရာတွေ့ရှိပြီး ခွာကြည့်လိုက်ရာ လျှိ့ဝှက်အပေါက်ထဲမှာ မိန်းကလေး နှစ် ယောက် လဲလျောင်းလိုက်ပါလာတာကို အံ့ဩစွာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
မိန်းကလေး နှစ်ယောက်ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး လက်မှတ်အ ထောက်အထားမရှိတာကြောင့် အဖမ်းခံရမှာစိုးရိမ်ပြီးအခုလို လိုက်လာတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့အဖော်ကိုရော၊ မိန်းကလေး နှစ်ယောက်ကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ဖဝေါနယ်မြေရဲစခန်းကို ဆက်လက်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်မငြိမ်သက် ၊ စားဝတ်နေရေး ကျပ်တည်းပြီး ဘဝလုံခြုံမှုလည်းမရှိတာကြောင့် ပြည်သူတွေဟာ ပြင်ပကိုထွက်ပြီးရှာ ဖွေလုပ်ကိုင်လာကြရပြီး အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ နေ့စဉ်ဝင်ရောက်ရာမှာ အဖမ်းဆီးခံရတာဖြစ်ပါတယ်။