ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏသိပ္ပံလမ်းနားမှာ အောက်တိုဘာ ၁၇ ရက် ညပိုင်းက မိုင်းစစ်ဆေးစဉ် စက်ဘီးဖြတ်စီးသူ တယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
မနေ့ ည ၇ နာရီ ဝန်းကျင်လောက်က လျှပ်စစ်ရုံးက ဝန်ထမ်းတချို့ မီးလာပြင်ရင်း ဓာတ်တိုင်မှာ ချိတ်ထားတဲ့ ဗုံးလို့ ယူဆရတဲ့ အထုပ်ကို တွေ့လို့ စစ်ကောင်စီတပ်က လာစစ်ချိန် စက်ဘီးနဲ့ဖြတ်စီးသွားသူ ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာပါ။
ဒေသခံက “EPC က သူ့ဘာသူ မီးလာပြင်ရင်းနဲ့ ဓာတ်တိုင်က အထုပ်ကို တွေ့ပြီး ဟိုကောင်တွေကို လှမ်းခေါ်တာမှာ ရောက်လာတော့ ထုံးစံအတိုင်း စစ်ဆေးတာတွေ လုပ်နေရင်း သူတို့နားက စက်ဘီး တစီးဖြတ်သွားတာကို ပစ်ထည့်လိုက်တာ။ ရပ်မပေးလို့တဲ့။ သေလားရှင်လား တော့ မသိဘူး။ ပစ်ခံရတဲ့လူရော စက်ဘီးရောကိုတော့ စစ်ကားပေါ်တင်သွားတယ်”လို့ ပြောပါတယ်။
တချို့ကလည်း စစ်တပ်က စစ်ဆေးနေရင်း သေနတ်သံ တချက်ကြားလိုက်တာကို မိုးပေါ် ထောင်ပစ်လိုက်တာလို့ ခန့်မှန်းပြောဆိုနေကြပေမဲ့ စက်ဘီး နင်းလာတဲ့သူကို ပစ်လိုက်တာကို မျက်မြင်တွေ့ရှိသူတွေလည်း ရှိပါတယ်။
အဲဒီလို ပစ်ခတ်ဖမ်းဆီးခဲ့ပြီးတဲ့နောက် သံသုမာလမ်းမကြီးမှာရှိတဲ့ သွားဆေးတက္ကသိုလ်နားက သိပ္ပံလမ်းနဲ့ ဆေးဆိုးလမ်းနားမှာ စစ်ကားတွေပိတ်ပြီး ရှာဖွေခဲ့ပါတယ်။