စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင် ၂ ယောက် အောက်တိုဘာ ၉ ရက် မနက်ပိုင်းက မြွေပွေးကိုက်ခံခဲ့ရပြီး တယောက်မှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
မြွေကိုက်ခံရတဲ့ အသက် ၁၄ နှစ်အရွယ်ကလေးငယ်ကို မြွေဆိပ်ဖြေဆေး ၇ လုံး ထိုးထားပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်
ဒေသခံတော်လှန်ရေး တက်ကြွသူများဆေးအဖွဲ့ဝင်တဦးက “အသက် ၃၀ အရွယ်က မနက် ၉ နာရီက အကိုက်ခံရတယ်။ ၁၄ နှစ် ကလေးငယ်က ၁၀ နာရီမှာ ကိုက်ခံရတယ်။ နှစ်ဦးလုံးတော့ မြွေဆိပ်ဖြေဆေး ထိုးပေးထားတယ်။ ဒေသတွင်း သွားရေးလာရေး ခက်ခဲတာက တမျိုး၊ ဆေးဝါး မရှိတာက တမျိုးဖြစ်နေတော့ မသေသင့်ပဲ သေနေရတာတွေလည်း ရှိနေရတယ်” လို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြွေပွေးကိုက်ခံရသူ အယောက် ၂၀ အထိရှိနေပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။
အခုလို ဒေသတွင်းမှာ မြွေအကိုက်ခံရတာ များနေတာကြောင့် မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်ချက်တွေ ရှိနေပြီး အလှူရှင်တွေအနေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို တိုက်ရိုက်လှူဒါန်းပေးဖို့ရန် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။