မန္တလေးမြို့၊ ကျုံးနဲ့ နန်းမြို့ရိုးကြားက စစ်အုပ်စုဖွင့်ထားတဲ့ ရတနာပုံဥယျာဉ် အရှေ့ဘက်ခြမ်းမှာ အောက်တိုဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ လုံခြုံရေး တင်းကြပ်ပြီး သီတင်းကျွတ်ပွဲတော် ကျင်းပနေပါတယ်။
အဝင်အထွက် စစ်ဆေးတင်းကြပ်ထားသလို ၂၆ လမ်းကနေ ၁၂ လမ်းကြား ၆၆ လမ်းတလျှောက်က လျှောက်လမ်းပေါ်မှာလည်း လက်နက်ကိုင် လုံခြုံရေးအပြည့်နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မြို့မတေးဂီတအဖွဲ့၊ ကျောက်ဆည်ဆင်အက၊ မန်းစည်ပင် တေးဂီတအဖွဲ့၊ ရိုးရာခြင်းအလှကစားပြတာတွေနဲ့ ဖျော်ဖြေနေပြီး စတုဒီသာကျွေးမွေးခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီနေရာကို စစ်တပ်မိသားစုတွေ၊ ဌာနဆိုင်ရာတွေ၊ တရုတ်လူမျိုးတွေ လာရောက် လည်ပတ်တာများတယ်လို့ တပ်မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်အခါသမယတုန်းကတော့ ပြည်သူလူထုဟာ တော်လှန်သီတင်းကျွတ် အဖြစ် နေအိမ်အလိုက် ဆီမီးပူဇော်တာတွေကို တမြို့လုံးနီးပါး မပြုလုပ်ခဲ့ကြပါဘူး။
မန္တလေးမြို့ နေရာ ၂ ခုမှာ အောက်တိုဘာ ၉ ရက် သတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။