Home
မြန်မာသတင်း
ပေါက်တောင်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ
DVB
·
October 8, 2022
310972242_196225232863901_4682957876961319952_n

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၂ ဗိုလ်နားပေါက်(နပေါက်)အဖွဲ့က ပြောပါတယ်။ 

ကျားပစ်ကန်ရွာနားမှာ မနေ့မနက် ၈ နာရီခွဲလောက်မှာ ​အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပခုက္ကူခရိုင်တပ်ရင်း ၁၂ နဲ့ ရေနံချောင်း-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အဖွဲ့ တာဝန်ရှိသူ ဗိုလ်နားပေါက်က ပြောပါတယ်။

အောက်တိုဘာ ၆ ရက်ကတည်းက ပေါက်မြို့နယ်တောင်းပိုင်းကို စစ်ကြောင်းထိုးလာပြီး ဒီးတုတ်ကွင်းရွာမှာ စခန်းချတယ်လို့ ကြိုတင်သတင်းရပြီး သူတို့လာတဲ့လမ်းကြောင်းကို စောင့်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မိုင်းတွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့ရာမှ နာရီဝက်ကျော်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျားပစ်ကန်ကျေးရွာ ဒေသခံတယောက်က "ဒီးဒုတ်ကွင်းရွာဘက်ကနေ စစ်ကြောင်း ထိုးလာတယ်လို့ သတင်းရတာကြောင့် အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့  ရွာက ရွာသားအားလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်" လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လကျော်လောက်ကလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး မနေ့ကလည်း ရွာမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် စားသောက်ကာ လိုချင်တဲ့ပစ္စည်းတွေ ယူသွားပြီး ဒီနေ့ မနက် ၇ နာရီလောက်မှာ ရွာကနေ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024