Home
ဆောင်းပါး
နေခြည်မှာ သွေးရည်လောင်းခံခဲ့ရတဲ့ ကလေးတို့ စာသင်ကျောင်း
DVB
·
October 1, 2022
naychi

မည်သည့်ကလေးမဆို လွတ်လပ်စွာ စာသင်ကြားခွင့်ရှိကြောင်း မိဖြူ မသိ။ အသက်ရှင်သန်ပိုင်ခွင့် ဆိုတာ ကလေးတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်ကြောင်း မိဖြူ မသိ။ ကလေး၏ အကောင်းဆုံး အကျိုးစီးပွားအတွက်မဟုတ်ရင် ကလေးနဲ့ မိဘတွေကို ခွဲပစ်လို့မရကြောင်းကို မိဖြူ သိလိမ့်မည် မဟုတ်။

ဒါ့အပြင် စိတ်ရောကိုယ်ပါ အနာတရမဖြစ်ဖို့၊ ညှဉ်းပန်းနှိပ်စက်မခံရဖို့ အကာအကွယ်ပေးရမည့် အခွင့်အရေး ကလေးများတွင် ရှိသည်ကိုလည်း မိဖြူ မသိပါ။ ထိုမျှမက မိဖြူတို့၏ စစ်ကိုင်းတိုင်းလို လက်နက်ကိုင် ပဋိပက္ခများတဲ့ နေရာတွေက ကလေးများအနေနဲ့ အထူးကာကွယ်စောင့်ရှောက်ခွင့် ရရမည် ဆိုတာကိုလည်း မိဖြူ ကြားဖူးလိမ့်မည်မဟုတ်။ စာသင်ကျောင်း၊ ဆေးရုံ၊ အထွတ်အမြတ် နေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်း မပြုရတဲ့။ ဟုတ်ပါသည်။ ဘာမှမသိတဲ့ မိဖြူတယောက် အဲဒီအချက်ကိုလည်း မသိရိုးအမှန်ပါ။ စင်စစ် မိဖြူ သိသည်မှာ ....

ထိုနေ့က သောကြာနေ့။ သောကြာနေ့ဆိုတော့ မိဖြူပျော်သည်။ မနက်ဖြန်ခါ ကျောင်းပိတ်မည်လေ။ ကျောင်းပိတ်လျှင် ခါတိုင်းထက် ကစားချိန် ပိုရသည်။ နားချိန် ပိုရသည်။ အင်း ပြီးတော့ ယခုတလော ကြိုးစားပမ်းစား ကျက်နေရသည့် စာတွေနဲ့လည်း ခဏတဖြုတ် ဝေးသွားဦးမည် ဖြစ်သည်။ ဒါတောင် အိမ်က လူကြီးတွေက စာကျက်ခိုင်းတုန်း။ တဖက်က တွေးပြန်တော့လည်း မိဖြူ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ယာယီခွဲရမှာဆိုတော့ မိဖြူ အပြည့်အဝတော့ မပျော်ပါ။ သူငယ်ချင်းအချို့နှင့် ကျောင်းပိတ်ရက်မှာ ဆုံနိုင်သော်လည်း တချို့ကတော့ အိမ်အတော်ဝေးသည်မို့ ကျောင်းပိတ်ရက်မှာ မဆုံနိုင်တော့။

“ဟဲ့ ကောင်မလေး........ ကြာလှ​ချေလားဟဲ့။ အအေးပတ်ကုန်တော့မယ်။”

အဘွား အော်သံကြောင့် မိဖြူတယောက် လန့်သွားကာ ရေချိုးရမည့်အသိ ပြန်ဝင်လာသည်။ တွေးလက်စတို့ အဆက်ဖြတ်ရင်း ဗုန်း...ဗွမ်း မြည်ကာ မိဖြူတယောက် ရေမြန်မြန်ချိုးရတော့သည်။ အိမ်ပေါ် အပြေးလေးတက်ကာ ဖြီးလိမ်းပြင်ဆင်ပြီးသကာလ ကျောင်းသွားဖို့ မိဖြူ လုပ်ရတော့သည်။ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်းသို့ မိဖြူတယောက် ထွက်လာခဲ့လေသည်။

* * *

ဟော..... သူငယ်ချင်းအချို့တောင် ရောက်နှင့်နေကြပြီ။ အများစုက ဆော့ကစား ပြေးလွှားနေကြသလို တချို့ကတော့ သန့်ရှင်းရေးလုပ်နေကြသည်။ စာသင်ခန်းအတွင်း ခဏဝင်၊ လွယ်အိတ်ထားကာ သန့်ရှင်းရေးလုပ်နေသော သူငယ်ချင်းအချို့ဆီ မိဖြူ ရောက်သွားသည်။ ပြောရဦးမယ်။ မိဖြူတို့ကျောင်းက စာချည်းသက်သက် သင်ရတာ မဟုတ်။ ကျောင်းသန့်ရှင်းရေးလည်း လုပ်ရသည်။ ဒါလည်း ပြီးစလွယ် လုပ်လို့မရ။ သေချာလုပ်ရသည်။ ဒါမို့ မိဖြူတို့ ကျောင်းသန့်ရှင်းရေးနှင့် ပတ်သက်လျှင် မိဖြူတို့ ဘေးရွာ​တွေကပါ ချီးကျူးရသည်။ ကျောင်းသန့်ရှင်းရေးတင်ပဲလား ဆိုတော့ ဒီလိုလည်း မဟုတ်။ ကျောင်းစာမှာလည်း မိဖြူတို့ကျောင်းက နာမည်ရသည်။ တခါတုန်းက မိဖြူတို့ထက် အတန်းငယ်သည့် ကျောင်းသူတယောက်ဆိုရင် အတော်လေး နေမကောင်းသည့်ကြားကပင် စာမေးပွဲကျမှာစိုးလို့တဲ့။ ကျောင်းကို မရောက်ရောက်အောင်လာပြီး စာမေးပွဲဖြေသေးသည်။ စည်းလုံးသည့်အပိုင်းမှာလည်း ရွာကလူကြီးတွေနည်းတူ မိဖြူတို့ကျောင်းမှာလည်း တခုခုဆို ညီညွတ်ကြသည်။ မကြာသေးခင်ကမှ မိဖြူတို့ဆရာက ပြောထားသည်။ သိပ်မကြာခင် မိဖြူတို့ စာမေးပွဲတွေ ဖြေရတော့မည်တဲ့။ ဒါ့အပြင် ကျောင်းစုံညီပွဲတွေလည်း ကျင်းပ‌ပေးဦးမည်တဲ့။ ဆုပေးပွဲတွေလည်း လုပ်ပေးမည်တဲ့။ မိဖြူတို့တတွေ ပျော်လိုက်ကြတာများ။ စိတ်တွေလည်း လှုပ်ရှားမိသည်။ ကျောင်းစုံညီပွဲလို ဖျော်ဖြေရေးပွဲတွေမှာတင်မက၊ ပညာထူးချွန်ဆုတွေလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆုရချင်ကြတာလေ။ ဒါကြောင့် မိဖြူလည်း စာတွေကို အရင်ကထက်စာရင် ​ပိုပြီး ကြိုးစားနေရပါပြီ။ မကြာခင် ကျောင်းတက်ခေါင်းလောင်း ထိုးသည်မို့ မိဖြူတို့သူငယ်ချင်းတသိုက် တံမြက်စည်းတွေ ဂေါ်ပြားတွေကို ထားရစ်ကာ စာသင်ခန်းအတွင်း ဝင်ရောက်လာခဲ့ကြသည်။ ထိုနေ့ကတော့ ခါတိုင်းလိုပင်။ အဖြစ်အပျက်များက ယ‌ခင်နေ့ရက်များကအတိုင်း ဆက်လက်ဖြစ်ပျက်နေဟန် တူသည်။ ကြမ္မာဆိုးတို့ ဝင်ရောက်မွှေနှောက်ခြင်း မတိုင်ခင်အထိ ဖြစ်ပါသည်။

* * *

မိဖြူတို့ အတန်းထဲရောက်လို့ မကြာခင်မှာပဲ ရဟတ်ယာဥ်သံတွေ စတင်ကြားရသည်။ စင်စစ်တော့လည်း ရဟတ်ယာဉ်သံဆိုတာ မိဖြူတို့အတွက် အဆန်းမဟုတ်တော့ပါ။ ရဟတ်ယာဥ်သံ ကြားတိုင်း ဆရာတွေက စာသင်ခန်းထဲဝင်ကြဖို့ ပြောကြ‌ပေမဲ့ သိပ်တော့လည်း ပူပင်မှုတို့ မဖြစ်မိ။ ယခုလည်း ဘာမှတော့ မဖြစ်သော်လည်း ကလေးတွေကို စိတ်ပူသည့်အတွက် အထဲဝင်ခိုင်းခြင်း ဖြစ်သည်။ ဆရာတယောက်က စတင်ကာ အထဲဝင်ခိုင်းနေပြီ။

သည်တော့လည်း မိဖြူတို့ အထဲကိုဝင်လိုက်ကြရုံ။ သို့သော် သည်တကြိမ်ကတော့ မိဖြူတို့ ထင်သလို မဟုတ်တော့ပါ။ နေ့အလင်းရောင် ထိန်ထိန်သာနေခိုက် ရုတ်ခြည်း မိုးမှောင်ကျသွားသလို အဖြစ်အပျက်တို့က ထင်မှတ်မထားသလို မြန်ဆန်လွန်းလှပေသည်။ ရဟတ်ယာဥ်သံတွေ ကြားပြီးသည်နှင့် မရှေးမနှောင်းမှာပင် မိဖြူတို့ စာသင်ကျောင်းထဲသို့ ပစ်ခတ်သံတွေ ကြားလာရတော့သည်။ ကျည်ဆန်မိုးတို့ သည်းသည်းထန်ထန် ရွာသွန်းလေတော့သည်။ မိဖြူတို့တတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ကြောက်လန့်တကြား ဟို​ပြေး သည်ပြေး လျှောက်ပြေးနေကြသည်။ ထိုအခိုက် ဆရာတွေက သူတို့ဘက်ကိုလာဖို့ ခေါ်ရာ တချို့က ဆရာတွေရှိရာ အတင်း‌တိုးဝပ်သွားကြသည်။ တပြိုင်နက်တည်းမှာပင် ခုတင်အောက်မှာ အကာအကွယ်ယူ‌နေကြဖို့၊ အကာအကွယ်ရှိတဲ့နေရာမှာ ပုန်းဝပ်ကြဖို့ ဆရာတွေက လှမ်းအော်ပြောသံ‌တွေလည်း ရုတ်ရုတ်သဲသဲ ကြားနေရသည်။ မိဖြူလည်း မိမိနားရှိ သူငယ်ချင်းများနှင့်အတူ အကာအကွယ်တခုယူကာ ဝပ်နေလိုက်ကြသည်။ ကြောက်လိုက်သည်မှာ အသားတွေ တဆတ်ဆတ် တုန်နေလေတော့သည်။

အပေါ်ကလာသည့် ကျည်ဆန်တွေကလည်း မရပ်မနားပင်။ စာသင်ခုံတွေကိုလည်း မှန်သည်။ ပြတင်းပေါက်တွေကိုလည်း မှန်သည်။ မိဖြူတို့ ပုန်းဝပ်သည့် နေရာနားကိုလည်း လာမှန်သည်။ နောက်ဆုံးမှာတော့ လူကို မှန်တော့သည်။ ပစ်ခတ်သံတို့က တရစပ်ပင်။ ခဏကြာတော့ ကမ္ဘာပျက်လောက်အောင်ကျယ်သည့် အသံကြီးတသံ ကြားလိုက်ရသည်။ မိဖြူတယောက် မှန်သွားလေပြီလား။ ကျည်သည် မိဖြူထံ တန်းမတ်လာသည် မဟုတ်။ သူတို့နဲ့ မလှမ်းမကမ်းက တယောက်ထံ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ ကျည်ဆန်တွေကြား ကြောက်လန့်စိတ်တို့ ကြားကနေ မိဖြူတယောက် မဝံ့မရဲ ထ ကြည့်လိုက်မိသည်။ အို... မူးလဲသွားမလားပဲ။

မြင်လိုက်ရတော့ လက်နက်ထိမှန်ထားသူမှာ ခေါင်းတခြား ကိုယ်တခြား။ အသားတွေကလည်း ဖွာလန်ကြဲထွက်နေသည်။ မကြာလိုက်ပါ။  ဆရာတယောက် ထိသွားသည်ဟု ကြားရပြန်သည်။ ဆက်တိုက်ဆိုသလို ထိမှန်ဒဏ်ရာရသူတွေက ဟိုဒီအနှံ့။ မိဖြူအလှည့် ဘယ်တော့ပါလိမ့်။ ယခင်က စာအံသံ၊ စကားပြောသံ၊ ဆော့ကစားသံတို့ ပြည့်နှက်နေသော စာသင်ခန်းလေးခမျာ ယခုအခါမှာတော့ နာလို့ အော်သံ၊ ကြောက်လို့ အော်သံတို့ဖြင့် ကမ္ဘာပျက်မတတ် ပွက်လောရိုက်လျက်ပင်။ လေးဆယ့်ငါးမိနစ်၊ တနာရီလောက် ဆိုသော်လည်း နှိုင်းယှဥ်ပြလို့ မရအောင် ကြာလိုက်သည့် ကာလတခုပဲ ဖြစ်ပေသည်။

ခဏနေတော့ စစ်သားများ မိဖြူတို့ကျောင်းထဲ ဝင်ရောက်လာသည်။ သေနတ်များကို ပစ်ဖောက်ကာ “ဘယ်မှာလဲ PDF”၊ “ဘယ်မှာလဲ KIA” ဆိုပြီးလည်း မေးသေးသည်။ ကျည်မိုး ကျည်ဖွဲတို့အတွက် ကြောက်ရသည့်စိတ်မှာ ယခုအခါ အဲဒီစစ်သားတွေကို ကြောက်ရသည့်စိတ် ဖြစ်သွားပြန်ပြီ။ “မော့မကြည့်ကြနဲ့”။ “ငါတို့ မေးတာပဲဖြေ”။ “မော့ကြည့်ရင် ပစ်သတ်လိုက်မယ်”။ “ထွက်ခဲ့ကြ၊ တွေ့ရင် သတ်ပစ်မှာနော်” ဆိုသည့် စစ်သားများ၏ ခြိမ်းခြောက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများပင် တိုးတိုးညည်းညူနေရသည်။ တုတ်တုတ်မျှ မလှုပ်ဝံ့ပါ။ အတန်ကြာမှ မိဖြူတို့ ကြောက်ကြောက်လန့်လန့် ခေါင်းငုံ့ထွက်လာကြရသည်။ သည်အတွင်း မိဘတချို့ ရောက်လာရာ မိမိသားသမီးကို ပြန်ခေါ်ဖို့ ကြိုးစားသော်လည်း စစ်သားတွေက အစပိုင်းမှာ လုံးဝလက်မခံ။ နောက်ပိုင်းကျမှ ဖြစ်ချင်ရာဖြစ်တော့ဆိုသည့် မိဘတချို့၏ အတန်တန်‌ တောင်းပန်မှုတို့ကြောင့် ဒဏ်ရာရသူတွေကို ဆေးကုသခွင့်ပေးသည်။ မိဖြူတို့ အဖြူရောင်ကျောင်းအင်္ကျီများမှာ အနီရောင်သွေးတို့ ချင်းချင်းနီလို့ပင်။ ဒဏ်ရာရသူများကလည်း အများသား။ ခြေထောက်ပြတ်သူကအစ အောက်ပိုင်းတပိုင်းလုံး ကြွေမွသွားသူတွေလည်း ရှိသလို မျက်စိကျွတ်မတတ် ဖြစ်သွားသူ၊ အူထွက်သူ စသဖြင့် မြင်လို့ ကြည့်လို့ မကောင်းတော့ပေ။ သေသွားသော ကျောင်းသားအချို့၏ အလောင်းများကိုလည်း မိဘများထံသို့ ပြန်မပေးသည့်အပြင် နောက်ဆုံးမှာ ပီနံအိတ်ထဲ ထိုးသိပ်ထည့်သွားသည်။ ဆိုးဆိုးရွားရွား ထိခိုက်သူတွေကိုပါမချန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

* * *

ယခုဆိုလျှင် မိဖြူတို့၏ နေခြည်မှာ ရွှေရည်လောင်းသည့် ကျောင်းကို လက်နက်မျိုးစုံဖြင့် တရစပ် ထုကာ သွေးရည်လောင်းခဲ့တာ တပတ်ကျော်ခဲ့ပါပြီ။ ယနေ့တိုင် ထိုအဖြစ်အပျက်များက မိဖြူ၏ စိတ်ကို ခြောက်လှန့်နေတုန်းပင်။ နေ့လယ်ခင်း ထိုင်ရင်းနဲ့လည်း ထိုအဖြစ်ဆိုးတို့က မိမိရှေ့တွင် မကြာခဏ ပေါ်လာတတ်သလို ညတိုင်ဆိုလည်း တော်တော်နဲ့ အိပ်လို့မပျော်။ အော်ဟစ်သံ ဆူပူငိုကြွေးသံတို့က မိဖြူ၏နားထဲ ရစ်ဝဲနေသလို အိပ်မက်ထဲအထိလည်း ဝင်ရောက်လာရာ တခါတရံဆိုရင် ကြောက်လန့်တကြား လန့်နိုးလာခဲ့ရသည်။

မိဖြူတို့၏ တချိန်တုန်းက သန့်ရှင်းရေး အတူတူလုပ်ကြ၊ အတူတူ ဆော့ကစားကြ၊ အတူတူ စာအံကြသည့် ပုံရိပ်များမှာ ယခုဆိုရင် အတိတ်အဖြစ်သာ ထင်ကျန်ရစ်တော့သည်။ ထိုနည်းတူ မိဖြူတို့ မျှော်လင့်ခဲ့ စိတ်လှုပ်ရှားခဲ့သည့် ဆုပေးပွဲများ၊ စုံညီပွဲများမှာလည်း လက်နက်ထိမှန်ထားသည့် ကျောင်းအဆောက်အအုံလိုပင် ပဲ့ကြွေပျက်စီးခဲ့ရပါပြီ။ ထိုထက်ဆိုးသည်မှာ မိဖြူတို့၏ ကစားဖော် သူငယ်ချင်းများက ဘယ်တော့မှ ပြန်မလာတော့မည့် နေရာကို  အပြီးတိုင် ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။ ခါတိုင်း ကစားနေကျ တူတူပုန်းတမ်းလို ခဏတဖြုတ် ပျောက်သွားတာမဟုတ်ဘဲ သည်တခါမှာတော့ ကမ္ဘာမြေမှ အပြီးတိုင်   ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

မည်သည့်ကလေးမဆို လွတ်လပ်စွာ စာသင်ကြားခွင့်ရှိကြောင်း၊ အသက်ရှင်သန်ပိုင်ခွင့် ဆိုတာ ကလေးတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်ကြောင်း မိဖြူ မသိ။ 

စိတ်ရောကိုယ်ပါ အနာတရမဖြစ်ဖို့၊ ညှဉ်းပန်းနှိပ်စက်မခံရဖို့ ကလေးများတွင် အခွင့်အရေး ရှိကြောင်း၊ ထိုမျှမက မိဖြူတို့၏ စစ်ကိုင်းတိုင်းလို လက်နက်ပဋိပက္ခများတဲ့ နေရာတွေက ကလေးများအနေနဲ့ အထူးကာကွယ်စောင့်ရှောက်ခွင့် ရရမည်ဆိုတာကို မိဖြူ မသိ။ 

စာသင်ကျောင်း၊ ဆေးရုံ၊ အထွတ်အမြတ် နေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်းမပြု ဆိုတာကိုလည်း မိဖြူ မသိ။ သို့စေကာမူ ဘာမှမသိသော မိဖြူတယောက် ပြင်းပြင်းပြပြ သိချင်တာ တခုတော့ ရှိပါသည်။

“စစ်သားကြီးများရှင့်… ဘာအပြစ်ရှိလို့ သမီးတို့ကို အခုလို တိုက်ခိုက်သတ်ဖြတ်ရတာပါလဲရှင့်”

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024