ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းက ရန်ကုန်-လွိုင်ကော် ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရအပြီး မြန်မာအမျိုးသားလေကြောင်း(MNA) လွိုင်ကော်ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်ပါတယ်။
ရန်ကုန်-လွိုင်ကော်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ဝယ်ထားသူတွေအနေနဲ့ ပြန်အမ်းငွေ ပြန်လည်ထုတ်ယူနိုင်ကြောင်းလည်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
အဆိုပါ ပစ်ခတ်ခံရမှုမှာ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ကနဦးသိရှိရပြီး အခုလိုပစ်ခတ်မှုအပြီးမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လေဆိပ်ကို လုံခြုံရေး အပြည့်ယူထားပြီး မြို့ပေါ်မှာလည်း စစ်ဆေးရေး တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ပြေးဆွဲနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY-AML၊ ATR-72(600) ဟာ ခရီးသည် ၆၃ ဦးတင်ဆောင်ကာ လွိုင်ကော်လေဆိပ်ကို ၈ နာရီ ၄၅ မိနစ်လောက်မှာ ဆင်းသက်ဖို့ ပြင်ဆင်စဉ် အမြင့်ပေ ၃,၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက် ၄ မိုင်ခန့်အကွာအရောက် ပစ်ခတ်ခံရတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုကြောင့် လေယာဥ်ဘယ်ဘက် ဝမ်းဗိုက် ကျည်ဖောက်ဝင်ခဲ့ပြီး စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေအနက် လွိုင်ကော်မြို့၊ ဧက ၅၀၀ ရပ်ကွက်နေ အမျိုးသားတဦး ညာပါးမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို KNPP နဲ့ PDF အဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းထုတ်ထားပေမဲ့ KNPP နဲ့ PDF တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
လတ်တလောမှာတော့ မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကရင်နီပြည်မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီဘက်က အရပ်သားတွေပါမချန် လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကို ကျူးလွန်လာနေတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေပါတယ်။