Home
အာရှဒေသ
ကမ္ဘောဒီးယား မြေလုပွဲ
DVB
·
April 29, 2014
Cambodia-VOD-B
မနက် ၈ နာရီအချိန်မှာ ကီရီဆာကော် ခရိုင်မှာ နေထိုင်ကြတဲ့ မိသားစုတွေ သူတို့အိမ်တွေကို စွန့်ခွာ ပြေးနေကြတာပါ။ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ Union Development Group က သူတို့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြပါတယ်။ ဒါဟာ ဒီခရိုင်အတွင်း စစ်တပ်ရဲ့ လတ်တလောအကျဆုံး ဖြိုခွင်းမှုလည်း ဖြစ်ပါတယ်။ ဒီနယ်မြေလူထုရှိရာ သေနတ်တွေနဲ့ ချီတက်လာကြတဲ့ အာဏာပိုင်တွေကို တချို့ဒေသခံမိဘတွေ ပြန်တိုက်ခိုက်နေကြတဲ့အခါ သူတို့ကလေးတွေ ငိုနေကြပါတယ်။ ဒီနေရာမှာ မိသားစုတွေ ၂ ထောင်လောက်ဟာ ၁၉၈၀ လောက်ကတည်းက နေထိုင်လာခဲ့ကြတာပါ။ Cambodia-VOD-Bမြေ ၂၀ ဟက်တာကို တရုတ်ပိုင် ကုမ္ပဏီက မနှစ်တုန်းက သိမ်းယူခဲ့ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသခံ လယ်သမားတဦးဖြစ်တဲ့ ဖရက် ဆာရတ်သ် က “ဒီမြေဟာ ကျမတို့ မိဘတွေက သူတို့သားသမီးတွေအတွက် ပေးထားတဲ့မြေပါ။ ခုတော့ အသိမ်းခံလိုက်ပါပြီ။ ကျမတို့ကို ကုမ္ပဏီက မြေကွက်သေးသေးလေး တကွက်ပဲ ပေးတယ်။ အဲဒါက အရင်တုန်းက ကျမတို့ စပါးတွေ၊ ငှက်ပျောပင်တွေ စိုက်ခဲ့သလို ပြန်စိုက်ဖို့ ဘယ်လိုလုပ် လောက်မှာတုန်း။ အဲလိုဆိုတော့ ကျမတို့ ဘယ်လိုများ နေရပါ့မလဲ”လို့ ပြောပြပါတယ်။ ကီရီ ဆာကော်နဲ့ ဘိုတွန် ဆာကော် ဒေသတွေရဲ့ လမုပင်တွေနဲ့ တောင်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းနေကြပြီး တချိန်တည်းမှာပဲ အိမ်တွေကို မီးရှို့နေတာလည်း ဖြစ်ပါတယ်။ Union Development Group ဆိုတဲ့ တရုတ်ကုမ္ပဏီဟာ မြေဟက်တာပေါင်း ၄ သောင်းခွဲ ရှိတဲ့ ဒီနယ်မြေကို ၂၀၀၈ ခုနှစ်က ပူးတွဲပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီး ဧရာမ ခရီးသွားလုပ်ငန်း အပန်းဖြေစခန်းကြီးအဖြစ် အသွင်ပြောင်းစီမံကိန်း လုပ်ဆောင်နေတာပါ။ ကုမ္ပဏီဟာ အခု ဒီမြေကို နှစ်ပေါင်း ၉၉ နှစ် မြေငှားခွင့် ရရှိထားပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကုန်ကျတဲ့ အပန်းဖြေစခန်း စီမံကိန်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တချို့မိသားစုတွေကတော့ ပြန်လည် နေရာချထားရေး နေရာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ ဒါပေမယ့် ဖရိ(ပ်) ရာသာ ကတော့ သူ့အိမ် ဆုံးရှုံးခဲ့ရပေမယ့်လည်း ဒီမှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဖရိ(ပ်) ရာသာက “ကျမတို့က သေတဲ့အထိ တိုက်သွားမှာပဲ။ ကျမတို့ရဲ့ ရိုးရာလယ်မြေတွေနဲ့ ကျမတို့ရဲ့ သက်မွေးဝမ်းကျောင်းကိုတော့ စွန့်ပစ်မသွားနိုင်ဘူး။ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင် ကျမတို့လည်း ငတ်ပြတ်မယ်၊ ကျမ ကလေးတွေလည်း အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။ ဒီအမှုကို စောင့်ကြည့်နေတဲ့ NGO ဖိုရမ်တခုမှ ချန်ဆီသန်ကတော့ စစ်တပ်က ဖြိုခွင်းမှုနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလို့ ဆိုပါတယ်။ “ဒါဟာ လူ့အခွင့်အရေးမှတ်တမ်းမှာ သိပ်ဆိုးဝါးတယ်လို့ ကျနော်တော့ ထင်ပါတယ်။ စစ်တပ်ကိုသုံးပြီး လူနေအိမ်တွေကို မီးရှို့တယ် ဆိုတာဟာ လူသားဖြစ်တည်မှုကို ကျူးလွန်တဲ့ ရာဇ၀တ်မှုပါ။ ပြီးတော့ ဥပဒေမဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်ဆိုတာ ပုဂ္ဂလိက ကုမ္ပဏီကို ကာကွယ်ပေးခွင့် မရှိပါဘူး။ ဒါ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပါပဲ။” စစ်တပ်ကိုသုံးပြီး ရှင်းလင်းဖြိုခွဲတာ ဘာမှ အမှားအယွင်း မရှိဘူးလို့ ကီရီဆာကော် ပြည်နယ်အုပ်ချုပ်ရေးမှူး ခင်မ်ချန်ဒီက ဆိုပါတယ်။ “ဒါက ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရှိဘဲ ဒီနေရာကနေ ဖယ်ပေးဖို့ ငြင်းဆန်ပြီး ဆက်နေချင်တဲ့ လူတွေရဲ့ ဒုက္ခတွေပေါ့ဗျာ။ ကျနော်တို့ သူတို့ကို ဒီနယ်မြေတ၀ိုက်မှာ နေခွင့်ပေးရမလားလို့ ဗဟိုအစိုးရကိုလဲ မေးထားပါတယ်။ ဒါပေမယ့် အစိုးရက ခွင့်ပြုမိန့် မပေးပါဘူး။” ကီရီဆာကော် ပြည်နယ်မှာတော့ လယ်သမားအတော်များများဟာ သူတို့ရဲ့ မြေယာနဲ့ နေအိမ်တွေကို ကာကွယ်ဖို့ နေထိုင်နေကြပါတယ်။ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ ၀န်ကြီးချုပ်ဆီ တောင်းဆိုထားတဲ့ လယ်သမား ဆိုဆမ်ဘာ့သ်က “အာဏာပိုင်တွေက ကျမတို့ ပြည်သူတွေကို လာရိုက်နှက်ကြတယ်။ ကျမတို့အိမ်တွေကိုလဲ မီးရှို့ပစ်ပြီး သင့်တင့်လျောက်ပတ်တဲ့ လျော်ကြေး မပေးပဲ ကျမတို့ကို အတင်းဖယ်ခိုင်းတယ်။ ခုတော့ ကျမတို့မှာ ဘာမှလဲ စားစရာ မရှိတော့ဘူး။ ကျမ သားတွေကို ဘယ်လိုမှ မကျွေးမွေး မစောင့်ရှောက်နိုင်တော့ဘူး။ ဒီအကျပ်အတည်းကို ၀န်ကြီးချုပ်ကနေ ဖြေရှင်းပေးစေချင်ပါတယ်”လို့ ဆိုပါတယ်။ အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘိုရင်းနောင်က ကမ္ဘောဒီးယားကနေ ဒီဖြစ်ရပ်ကို တင်ပြခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013