မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလနဲ့ နိုင်ငံတကာက အာဆီယံကို တာဝန်ပုံချထားတာမျိုးထက် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်ကို ရှာဖို့လိုနေပြီလို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်အနိုင်ကျင့်တာတွေကို အချိန် ၁၈ လကျော် ကြုံတွေ့ခဲ့ရပေမယ့် ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေကိုမရဘဲ လျစ်လျူရှုခံရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒေသတွင်းပြဿနာတွေကို ဒေသတွင်းအဖွဲ့အစည်းတွေက အရင်ကိုင်တွယ်ရမယ်ဆိုတဲ့မူနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကို ကြားခံအဖြစ် အသုံးပြုခဲ့ကြောင်း၊ အာဆီယံက စစ်ကောင်စီလိုက်နာသင့်တဲ့အချက် ၅ ချက်ကို ထုတ်ပြန်တိုက်တွန်းခဲ့ပေမယ့် စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်ခဲ့ပြီး ဒီအခြေအနေတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက မြန်မာပြည်သူတွေကို ကူညီဖို့ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီက စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွေကိုသာ မြန်မာပြည်သူတွေက လက်ခံရရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
စစ်ရေး၊ နိုင်ငံရေးအရ အကူအညီပေးဖို့ စစ်ကောင်စီဘက်က ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုရင်တောင် စစ်ဘေး မီးဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ကုလနဲ့ အာဆီယံက ပြည်သူတွေလက်ထဲရောက်အောင်ပို့ဆောင်ပေးဖို့ လိုအပ်နေတာလို့ ဆိုပါတယ်။
ကုလ၊ အမေရိကန်၊ အီးယူနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်သူတွေဆီ အကူအညီတွေ ရောက်အောင်ပို့ပေးနိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေကြောင်း၊ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံရာမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် အသိပေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ရာဇဝတ်မှုတွေ သူတို့ကျူးလွန်တာ မဟုတ်ကြောင်း ပြောင်ပြောင်တင်းတင်း ဆက်လက်ငြင်းဆိုပြီး အကြမ်းဖက်တာတွေ ဆက်လုပ်နေဦးမယ့် အခြေအနေကိုပဲ မြင်နေရတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်တယောက်က သုံးသပ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေတာတွေကိုတောင် သူတို့အကြမ်းဖက်တာ မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုနေတာလို့ မုံရွာသပိတ်ဦးဆောင်ကော်မတီ ကိုခန့်ဝေဖြိုးက ပြောပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေ အကြမ်းဖက်ခံနေရတာကို မသိကျိုးကျွံ ပြုနေတဲ့သူတွေဟာလည်း မကြာခင်မှာ စစ်ကောင်စီရဲ့ အနိုင်ကျင့် အကြမ်းဖက်တာတွေကို ကိုယ်တိုင်ကြုံတွေ့လာရလိမ့်မယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက သတိပေးလိုက်ပါတယ်။
စစ်ဘေးသင့် ကျေးလက်နေ ပြည်သူတွေရဲ့အခက်အခဲကို ပြည်သူအချင်းချင်းကြိုးစား ကူညီပေးကြဖို့ လိုတယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာစာမျက်နှာမှာ ပြည်သူတွေဘက်က အ သာစီးရဖို့ ကြိုးစားအားထုတ်နေသလို စစ်ကောင်စီကလည်း သူတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်တာတွေ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ စီစဉ်တာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။
ပြည်တွင်းရေးမတည်ငြိမ်တာတွေကြောင့် စစ်ကောင်စီရဲ့နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တရားတွေသာမက စီးပွားရေးယန္တရားဟာလည်း တစတစ ပျက်စီးနေတာဖြစ်ပါတယ်။ ဒီသက်ရောက်မှုတွေကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်တာကို ကြုံတွေ့နေရပြီး ရေရှည်ရပ်တည်ဖို့အတွက် တနေ့တခြားပိုမိုခက်ခဲလာပါတယ်။