ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်၊ သီပေါနဲ့ ကုန်းမုံရွာကြား စံလောင်းရွာအကျော် မှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ကား ၃ စီး ဆင့်တိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအသင်းနဲ့ ကုန်သည်တွေက ပြောပါတယ်။
ကူညီပေးနေတဲ့ နယ်စည်းမခြား ပရဟိတက တာဝန်ရှိသူက "ဒဏ်ရာရာသူ ၄ ဦးပါ။ သေဆုံး ၁ ဦးပေါ့။ သေဆုံးသူက အမျိုးသမီးပါ" လို့ ပြောပါတယ်။
တွဲကား၊ ဒိုင်နာကားနဲ့ ခြံထဲသွားတဲ့ ကားတို့ ဆင့်တိုက်တာဖြစ်ပြီး ခြံထဲသွားတဲ့ ကားပြာထဲက ကိုယ်ဝန်သည် အမျိုးသမီး ၁ ယောက် သေဆုံးသွားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ နယ်စည်းမခြားပရဟိတအသင်းက ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို သီပေါ ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သီပေါ နဲ့ လားရှိုးကြားမှာ လမ်းအနေအထားကြောင့် နဲ့ မိုးနည်းနည်းရွာတာမျိုး ရှိရင် လမ်းချော်ပြီး မကြာခဏ ယာဉ် မတော်တဆ ဖြစ်တတ်တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။