ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်၊ စီဆန်ဖန်နယ်မြေမှာ စက်တင်ဘာ ၁၆ ရက်ညက ရွှေ့ပြောင်းမြန်မာအလုပ်သမားတဦး ဓားထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုကပြောပါတယ်။
အသတ်ခံရသူဟာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသ ပရဒတ်ရွာကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေတဲ့ အသက် ၃၂ အရွယ် ကိုဌေးလွင်ဦး(ခ) ကိုဘုလယ် ဖြစ်ပါတယ်။
ကိုဌေးလွင်ဦးက စက်တင်ဘာ ၁၆ ရက်ညက နခွန်ပထုန်ခရိုင် စီဆန်ဖန်နယ်မြေ ၊ ကြာဇံစက်ရုံးအနီးကျင်းပနေတဲ့ ပွဲခင်းထဲမှာ ထိုင်းလူမျိုးတဦးရဲ့ ခြေထောက်ကို နင်းမိသွားခဲ့တာကို တောင်းပန်ခဲ့ပေမဲ့ မကျေနပ်ဘဲ အိမ်အပြန်လမ်းမှာ အုပ်စုလိုက် ဓားနဲ့ထိုးတာခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
သူ့ညီဖြစ်သူက “ကိုဌေးလွင်ဦးက အနေထိုင်အေးသူတယောက်ပါ။ စကားတောင် ကြမ်းကြမ်း ပြောလေ့ မရှိဘူး။ အပေါင်းအသင်းကိုတော့ တအားခင်တွယ်ပါတယ်။ မိသားစုထက်တောင် ပိုခင်ပါတယ်။ သူထိုင်းရောက်တာဆိုရင် ၁၆ နှစ်လောက်တောင်ရှိတော့မယ်။ အခု သူဆုံးတော့ သူ့ဇနီး ကျန်ခဲ့တယ်“လို့ ပြောပါတယ်။
ဓားနဲ့ထိုးတဲ့သူ တယောက်ကိုတော့ ထိုင်းရဲက ဖမ်းဆီးရမိထားပြီး ကျန်ပါဝင်ပတ်သက်သူတွေကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ကိုဌေးလွင်ဦးရဲ့ဈာပနကိုတော့ စက်တင်ဘာလ ၁၉ ရက်မှာ ဝပ်စံဖစ်ထိုင်းဘုန်းကြီးကျောင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကိုဌေးလွင်ဦးဟာ ထိုင်းနိုင်ငံမှာ စက်ချုပ်ရုံအလုပ်သမားတဦးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး ဘောလုံးဝါသနာရှင်တယောက်ဖြစ်ကာ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး ဘောလုံးပွဲတွေမှာ ပါဝင် လေ့ရှိတယ်လို့ ထိုင်းရောက်မြန်မာအသိုင်းဝိုင်းက ပြောပြပါတယ်။
ဒီအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း ဦးဆောင်တဲ့ AAC မဟာမိတ်အဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ကိုရဲမင်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထိုင်းရောက်မြန်မာများအနေနဲ့ ထိုင်းလူမျိုးတွေနဲ့ ရောထွေးယှက်တင်နေတဲ့အခါ သတိထားရမှာ ဖြစ်ပြီး အုပ်စုဖွဲ့ရမ်းကားမှုတွေရှိတာကြောင့် ပွဲလမ်းသဘင်တွေကို သွားလာရာမှာလည်း ဆင်ခြင် ကြဖို့ AAC အဖွဲ့က သတိပေးထားပါတယ်။