ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေရဲ့ ယာဥ်စီးခကို ဒီရက်ပိုင်းမှာ စျေးနူန်းပြောင်းလဲ တာတွေ လုပ်ထားတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
အရင် ပုံသေ ၂၀၀ ကျပ်ပေးရတဲ့ ကားတွေဟာ ၃၀၀ ကျပ်ပြောင်းလဲကောက်ယူနေပြီး Yangon Payment System (YPS) ကတ်နဲ့စီးရင်တော့ ၂၀၀ ကျပ်ပဲ ကျသင့်တာလို့ ခရီးသည်တဦးက ပြောပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ခရီးသွားတဦးက "ဘာမှ ကြိုအသိပေးတာ မရှိဘဲ ရုတ်တရက်ကြီး ယာဥ်စီးခစျေးတွေ တက်တာ။ ငွေထည့်တဲ့ ပုံးမှာလည်း အခုအသစ်ကျတဲ့ နှုန်းကို စာကပ် ပြီး အသိပေးထားတယ်။ အရင်တိုင်း ၂၀၀ ထည့်တော့ နောက် ၁၀၀ ထပ်ထည့်ခိုင်းတယ်" လို့ ပြောပါတယ်။
ရန်ကုန်မြို့က YBS ဘတ်စ်ကားတွေဟာ ဒီနှစ်ဆန်းလောက်ကလည်း ခရီးအကွာအဝေးအလိုက် ခရီးစဥ်တပိုင်းကို ၂၀၀ ကျပ်နဲ့ အပိုင်းလိုက်ပြောင်းလဲကောက်ခံမူတွေ လုပ်ခဲ့ပါတယ်။
အခုက ပုံသေ ၂၀၀ ကျပ်အဖြစ်နဲ့ ကျန်ခဲ့တဲ့ ကားလိုင်းတွေကပါ စျေးနူန်း တိုးမြှင့်လိုက်ပြီး ယာဥ်စီးခပြောင်းလဲမှာကို ကြိုတင်အသိမပေးတာနဲ့ ပတ်သက်လို့ ဝေဖန်နေကြပါတယ်။
ကုမ္ပဏီဝန်ထမ်းခရီးသည်တဦးက "အရင်အပိုင်းလိုက် ယာဥ်စီးခတွေ တိုးကောက်တော့လည်း တရားဝင် ခွင့်ပြုသလို၊ မခွင့်ပြုသလိုနဲ့ ပြီးသွားတယ်။ အခုလည်း ခရီးသည်တွေကို ဘာမှ အသိ မပေးဘူး။ မလိမ့်တပတ်နဲ့ ခရီးသည်တွေ ကို လေးစားမူမရှိတာ" လို့ ပြောပါတယ်။
အဲဒီယာဥ်လိုင်းတွေ ပြေးဆွဲမူကို တာဝန်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ (YRTC) အနေနဲ့လည်း ယာဥ်စီးခ တိုးမြှင့် လိုက်တာနဲ့ပတ်သက်လို့ တစုံတရာအသိပေးခြင်းမရှိဘဲ နူတ်ဆိတ်နေပါတယ်။
ဘတ်(စ်)ကားစီးရာတွင် YPS(Yangon Payment Services)ကတ်နဲ့ ငွေပေးချေရန် YBS(Yangon Bus Service) YRTC လက်အောက်ခံယာဉ်လိုင်း ၁၂၇ လိုင်းအနက် လတ်တလော ယာဉ်လိုင်း ၅၆ လိုင်းမှာ POS(Point of Sale) စက်တွေ တပ်ဆင်ပြီး ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ နေ့စဥ် YBS ကားစီးရေ ၃၀၀၀ ကျော် ပြေးဆွဲနေပြီး ခရီးသည် ၁ ဒသမ ၂ သန်း စီးနင်းနေတယ်လို့ စာရင်းတွေအရ သိရပါတယ်။