ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေ ဆောင်ရွက်ဖို့ လိုအပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခတွေကို ကြိုတင်ငွေအဖြစ်ပေးသွင်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးစိုးသူရထွန်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး NUG အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချစေနိုင်ဖို့ အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို အခမဲ့ ကင်းလွတ်ခွင့် ပြုထားခဲ့ပြီး အိမ်သုံးမဟုတ်တဲ့ အမျိုးအစားတွေအတွက် လျှပ်စစ်ဓာတ်အားခကျသင့်ငွေနဲ့ တခြားဝန်ဆောင်မှုတွေကို ခေတ္တဆိုင်းငံ့ထားတဲ့ အမိန့်ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
လတ်တလောမှာတော့ တော်လှန်ရေးအရှိန်မြင့်တက်လာတာနဲ့အမျှ ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေ ဆောင်ရွက်ဖို့လိုအပ်လာတဲ့အတွက် အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံး ပါဝါမီတာ၊ စီတီမီတာတွေအတွက် လျှပ်စစ် ဓာတ်အားခကျသင့်ငွေနဲ့ တခြားဝန်ဆောင်မှုတွေအတွက် မိမိတို့ပေးသွင်းလိုတဲ့ ဓာတ်အားခပမာဏကို NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနဆီ ကြိုတင်ငွေအဖြစ်ပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ပေးသွင်းလိုတဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လျှပ်စစ်တာဝန်ခံတွေနဲ့ ဆက်သွယ်ကာ မိမိတို့ ပေးသွင်းသင့်တဲ့ ပမာဏကို ကိုယ်တိုင်ညှိနှိုင်းဆုံးဖြတ်ကာ ပေးသွင်းနိုင်ကြောင်းနဲ့ ဒီကောက်ခံမှုကို ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ ကတော့ လက်နက်ကိုင်တပ်တွေ အသုံးပြုပြီး လူထုဆီက အဓမ္မမီတာခလိုက်ကောက်နေသလို မီတာခမပေးတဲ့ အိမ်တွေကိုလည်း လျှပ်စစ်မီးဖြတ်တာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို အခမဲ့ ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံတော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက်စာရင်း သွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ်စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။