စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ် ဗိုလ်ချုပ်လမ်းနဲ့ တရုတ်တန်းလမ်းဒေါင့်မှာရှိတဲ့ သိန်းတရာရွှေဆိုင် စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီကျော်က အနုကြမ်းစီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဆိုင်နားက ဈေးဆိုင်ပိုင်ရှင် တဦးက “မနက်ခင်းက အလုခံရတာ။ Kluger အမျိုးစား အနက်ရောင်ကားနဲ့ လာပြီး လူ ၅ ယောက်က ရွှေအရောင်း ကောင်တာထဲက ရွှေတွေ အကုန်ယူသွားတာ” လို့ ပြောပါတယ်။
အနုကြမ်းအစီးခံရပြီး ရွှေတွေဘယ်လောက် ဆုံးရှုံးသွားလဲဆိုတာ သိရှိနိုင်ဖို့ သိန်းတရာရွှေဆိုင်ပိုင်ရှင်ထံကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဩဂုတ်လက မုံရွာမြို့ပေါ် ဗိုလ်ချုပ်လမ်းအနောက်ဘက်၊ ဇရပ်ဝိုင်းနားက လပ်ကီး ဆင်နှစ်ကောင်ကုန်စုံဆိုင်လည်း အနုကြမ်းစီးခံခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအနုကြမ်းစီးတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်သူတွေက လုပ်ဆောင်ခဲ့တယ်ဆိုကိုတော့ မသိရ သေးပါဘူး။
သိန်းတရာရွှေဆိုင်ဟာ အခုအနုကြမ်းအစီးခံရတဲ့ဆိုင်အပါဝင် မုံရွာမြို့မှာ ၂ ဆိုင်၊ နေပြည်တော်မှာ ဆိုင်ခွဲ ၂ ဆိုင်နဲ့ ရန်ကုန်မြိုမှာ ဆိုင်ခွဲ ၁ ဆိုင် ဖွင့်လှစ်ထားပါတယ်။