စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနောက်ထိပ်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၃ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့အင်အား ၁၅ ယောက် ခန့်ရှိ ပြီး တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တန့်ဆည်ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Phoenix Defence Force - TaZe က စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Phoenix Defence Force - TaZe တာဝန်ရှိသူတဦးက "ကာဘိုးဂိတ်ရှိတဲ့ စကစတပ်ကောင်တွေက အတင်းအဓမ္မငွေကြေးတောင်းခံ ရုံတင်မကဘူး၊ မထင်ရင် ရိုက်နှိက် နှိပ်စက်တာတွေက အစရှိတယ်။ ကျနော်တို့မှာ လက်နက်အင်အားသာ အလုံအလောက်ရှိရင် ဒီထက်မက တိုက်ခိုက်နိုင်ပါတယ်။ အခု တိုက်ခိုက်မှုမှာ ရန်သူဘက်က ၄ ယောက်သေတယ်။ ကျနော်တို့ အဖွဲ့တွေထဲက ရဲဘော်တဦးကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာ အနည်းငယ်ရတာကလွဲရင် အကုန်ဘေးကင်းခဲ့ပါတယ် " လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို တန့်ဆည် PDF အမှတ် ၇ တပ်ရင်းမှ ဦးဆောင်ကာ Phoenix Defence Force - TaZe၊ အက်တော (ပလဖ) နဲ့ မြောက်ပိုင်းမဟာမိတ် (ဓူဝံ) တို့မှ ပူးပေါင်းအင်အား ၂၅ ယောက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၄၀ မီလီမီတာကျည် ၂ လုံး ၊ 5.56 ကျည် ၅၀ တောင့် ၊ 7.62 ကျည် ၃၂ တောင့် နဲ့ ခါးချိုးကျည် ၅ တောင့်ကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩဂုတ်လပိုင်းကလည်း ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေကြောင်းပစ်ကူသုံးကာ ပစ်ခတ်တာ တွေလည်း ပြုလုပ်ခဲ့ပါတယ်။