မကွေးတိုင်း၊ ဆောမြို့မရဲစခန်းက ရဲတပ်သားတယောက် သြဂုတ် ၃၁ ရက်က The Youth Force (ဆော၊ ကျောက်ထု) ကနေတဆင့် အာဏာဖီဆန် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ TYF တပ်ဖွဲ့က ပြောပါတယ်။
ဆောမြို့မရဲစခန်းက ရဲတပ်သားဉာဏ်မင်းဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ သြဂုတ် ၃၁ ရက်မှာ TYF ကိုဆက်သွယ်ပြီး G3 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၃၀၀ တောင့်၊ ဗုံးသီး ၄ လုံးနဲ့အတူ ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့တယ်လို့ TYF (ဆော၊ကျောက်ထု) ခေါင်းဆောင် ဆရာဇင်ကိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“သူက ပြည်သူ့ရင်ခွင်ခိုလှုံချင်လို့ ဆက်သွယ်နေတာ ကြာပြီဗျ။ ဒါပေမဲ့ အခွင့်မသာခဲ့လို့ သြဂုတ်လ ၃၁ ရက်နေ့ကျမှသာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာရောက်ပူးပေါင်းခဲ့တာ။ တပ်တွင်းမှာကတော့ အကျယ်ချုပ်ကျနေသလို ခံစားရပြီး အထက်အမိန့်ကိုပဲ အမြဲနားစွန့်နေရတာ။ အရာရှိတွေကလည်း လက်အောက်ငယ်သားတွေကို အနိုင်ကျင့် ဗိုလ်ကျတာတွေကြောင့် အကြမ်းဖက်စစ်အုပ်စုတွေရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့လို့ CDM ပြုလုပ်ခဲ့တာလို့ ပြောပြတယ်။”
လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ပြည်သူ့ရဲကိုတော့ TYF (ဆော၊ကျောက်ထု) က အခမ်းအနားနဲ့ ကျပ်သိန်း ၇၀ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ရဲတပ်သားဉာဏ်မင်းကတော့ TYF နဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်ဖို့ ဆန္ဒပြုထားတယ်လို့ ဆရာဇင်ကိုဝင်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။