အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်တဲ့ “Project Skywalk” ကနေ မြေပြင်တော်လှန်ရေးအတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁ သန်းထိ ရှာဖွေပံ့ပိုးပေးမယ့် အစီအစဉ်ကို စတင်ကြောင်း ထုတ်ပြန်ပါတယ်။
ကောင်းကင် ဝေဟင်ကနေ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းဆီကို ဦးတည်လျှောက်လှမ်းမယ့် စီမံချက်ဖြစ်တဲ့ “Project Skywalk” ဟာ မြေပြင်ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေကို လက်ရုံးတပ်တွေအဖြစ် စုစည်းပြီး ဟန်ချက်ညီညီနဲ့ စစ်ဆင်ရေးပုံဖော်နိုင်ဖို့ အထောက်အကူပေးနိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပြီး NUG ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ် ဦးဆောင်ကာ ဘဏ္ဍာရေးဌာနနဲ့ ပြည်သူ့ ဆက်ဆံရေးအဖွဲ့တို့ ဦးစီးလုပ်ဆောင်တဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
မြေပြင်က တိုက်ပွဲဝင်နေတဲ့ Drone Squad တွေအတွက် မဟာဗျူဟာကျတဲ့ ပစ္စည်းတွေကို အတိုင်းအတာတခုအထိ ထိထိရောက်ရောက် တပ်ဆင်နိုင်ဖို့ ဒီပရောဂျက်ကိုတော့ သြဂုတ် ၃၀ ရက် ဒီကနေ့ကနေ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့အထိ သီတင်း ၂ ပတ်တာ ကမ်ပိန်းအနေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စစ်ကောင်စီကို မဟာဗျူဟာကျကျ တိုက်ခိုက်ရင်း ရည်ရွယ်ရာဆီ ဟန်ချက်ညီညီနဲ့ အရောက်သွားနိုင်ဖို့နဲ့ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ အင်အားစုတရပ်ကို မွေးထုတ်ပေးမယ့် “Project Skywalk” ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက မိဘပြည်သူတွေရဲ့အားနဲ့ အရှိန်ပြင်းပြင်း တော်လှန်ပျံဝဲနိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေသလို တော်လှန်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ဟာလည်း မြင့်နေတာမို့ NUG အစိုးရအပါအတင် တော်လှန်ပြည်သူတွေ၊ အဖွဲ့အစည်းတွေ အသီးသီးကပါ တတ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။
“Project Skywalk” မှာ ထောက်ကူချင်တယ်ဆိုရင်⬇️ဖော်ပြပါလင့်ခ်တွေကတဆင့် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
https://www.facebook.com/projectskywalk/posts/119618930852192