Home
ဆောင်းပါး
ရန်သူဟာ ရန်သူပီသတယ်
DVB
·
August 30, 2022
Article 4

ရန်သူဟာ ရန်သူပီသတယ်။

ရန်သူဟာ သူ့အလုပ်သူလုပ်တယ်။ သူတို့သက်ဆိုးရှည်ဖို့အတွက် နှစ်သုံးဆယ်နီးပါး သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုတောင် ချိုးဖောက်ပြီး အာဏာသိမ်းရဲတယ်။ ပြည်သူ့ဆန္ဒတွေ ဘာတွေ သူတို့မကြည့်။ မသိ။ ပြည်သူရွေးကောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြတယ်။ စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည်ကို ပြန်လည်ပြုပြင်ဖို့ ကြိုးပမ်းတဲ့ အစိုးရပါလားလို့ သူတို့မအောက်မေ့။ စစ်တပ်ဟာ သူ့နေရာသူနေ၊ သူ့အလုပ်သူလုပ်ဖို့ ကြိုးပမ်းပေးခဲ့တဲ့သူကိုလည်း စော်ကားရဲတယ်။ ပြည်သူကို ရန်သူသဖွယ် ပြုမူတဲ့ စစ်တပ်ကို ပြည်သူကြည်ဖြူတဲ့စစ်တပ် ဖြစ်လာအောင် ​မေတ္တာရှေ့ထား ကြိုးပမ်းပေးခဲ့ဖူးတဲ့ သူကိုလည်း အမုန်းတရားနဲ့ ဆက်ဆံပြတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်နဲ့ရေး၊ သူတို့က ခြေနဲ့ဖျက်တယ်။ ပြီးတော့ အဲဒီ လူထုခေါင်းဆောင် ဒေါ်စုကို ဖမ်းတယ်၊ ထောင်ချတယ်။ အရင်စစ်ခေါင်းဆောင်တွေတောင် မလုပ်ဘူးတဲ့ အကျဥ်းထောင်မှာပဲ ထားတယ်။ ငါတို့ကို မေတ္တာထား ဆက်ဆံခဲ့သူပါလားလို့ သူတို့မတွေး။ နောက်ဆုံးအဆင့် ပြည်သူအပေါ်ကိုတောင် ယုတ်မာရက်စက်ပြခဲ့တာ မဟုတ်လား။ ခွေးတကောင်မှာရှိတဲ့ သစ္စာတရားမျိုးတောင် သူတို့ဆီမှာ မရှိ။

ရန်သူဟာ ရန်သူပီသတယ်။

ရန်သူဟာ သူ့အလုပ်သူ လုပ်တယ်။ သူ အနိုင်ရဖို့ဆိုရင် မတရားအာဏာသိမ်းမှုအတွက် ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကိုလည်း ပစ်သတ်ရဲတယ်။ နိုင်ငံတကာဥပ‌ဒေ စာချုပ်တွေ၊ လူ့သဘာဝအခွင့်အရေးတွေအရ မိမိမကျေနပ်တာကို ဆန့်ကျင် ဆန္ဒပြတယ်။ မိမိ လိုလားတာကို တောင်းဆိုဆန္ဒပြကြတာဖြစ်တယ်။ ဒါတွေကို သူတို့ဂရုမစိုက်။ ကုန်ကုန်ပြောရရင် ဒီလို ဆန္ဒပြတာမျိုးဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အခွင့်အရေးနဲ့တောင် မဆန့်ကျင်ဘူးဆိုတဲ့အကြောင်း သူတို့ အသိအမှတ်မပြုကြ။ လက်နက်မဲ့ပါလား၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပါလား ဆိုပြီး သူတို့ဘက်က နားလည်မပေး။ လက်နက်မပါတာက သူတို့၊ ပစ်ရမှာက ငါတို့။ ဒါမို့ ဆန္ဒပြရင် ပစ်လိုက်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာ သူတို့ကိစ္စမဟုတ်။ ဆန္ဒပြရင် ပစ်လိုက်။ ဒါတင်မက ဆန္ဒပြပွဲမှာ မပါသူတွေကိုလည်း အလွတ်ပေးတာမျိုးမရှိ။ ကိုယ်ဝန်ဆောင်မိခင်ကစလို့ ကလေးငယ်တွေအထိ ယုတ်ယုတ်မာမာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြတယ်။ မတရားဖမ်းဆီးချုပ်နှောင်တယ်။ တရားဥပဒေရှေ့မှောက် တန်းတူညီမျှမှုဆိုတဲ့ အခွင့်အရေးတွေ သူတို့သမိုင်းမှာ မရှိခဲ့ကြ။ သူတို့ခြယ်လှယ်ခံ ရုပ်သေးတရားရုံးတွေနဲ့ သူတို့စိတ်ကြိုက် မတရားစီရင်ကြတယ်။ အကျဉ်းထောင်ဆိုတာ စိတ်ကြိုက် နှိပ်စက်လို့ရတဲ့ နေရာတခုသဖွယ် ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်ကလူပြုကြတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာနဲ့တင် မကျေနပ်သေးတော့ အကျဥ်းကျသူတွေကို သူတို့မိသားစုတွေနဲ့ တွေ့ခွင့်မပေးတာလိုမျိုးတွေနဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ကြပြန်တယ်။ နှစ်ပေါင်းအတော်ကြာ ရပ်ဆိုင်းထားတဲ့ သေဒဏ်ကွပ်မျက်မှုကိုတောင် အတွန့်အဆုတ်မရှိ သူတို့လုပ်ပြတယ်။ နိုင်ငံတကာက မလုပ်ဖို့ ဝိုင်းတားတဲ့ကြားကနေ လုပ်ဖြစ်အောင်လုပ်တယ်။ ရန်သူဟာ သူအနိုင်ရဖို့ဆိုရင် နိုင်ငံတကာကိုလည်း ဂရုမစိုက်သလို ကျင့်ဝတ်တွေ၊ ဥပဒေတွေ၊ စံနှုန်းတွေကိုလည်း မျက်ကွယ်ပြုပစ်လိုက်တယ်။

ရန်သူဟာ ရန်သူပီသတယ်။

ရန်သူဟာ သူလုပ်စရာရှိတာကို သူလုပ်တယ်။ ရန်သူဟာ သူအနိုင်ရဖို့ဆိုရင် ဗမာလူမျိုးအချင်းချင်းကိုလည်း သတ်ရဲတယ်။ တယောက်ချင်းစီ သတ်ပြသလို အစုအပြုံလိုက်လည်း သတ်ပြတယ်။ ရန်သူဟာ ဂျီနိုဆိုက်ဆိုတာကို ဘေးချိတ်ထားတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ စိတ်မမှန်သူတွေကိုလည်း မီးရှို့သတ်တယ်။ ဗုဒ္ဓဘာသာဝင်မို့၊ ဘုန်းကြီးမို့ သက်ညှာခွင့်ပေးတာမရှိ။ ခုတ်ထစ်ပိုင်းဖြတ်ကြတယ်။ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကိုလည်း မီးလောင်တိုက်သွင်းတယ်။ စစ်သည်တော်ကျင့်ဝတ်ဆိုတာ သူတို့အတွက် စာရွက်ပေါ်မှာပဲရှိတယ်။ ပိတ်မိနေတဲ့ သူတို့ စစ်ကြောင်းအတွက် လွတ်‌မြောက်သွားအောင်ဆိုရင် ကလေးကအစ လူသားဒိုင်းလုပ်တယ်။ ရန်သူအတွက် ဂျီနီဗာကွန်ဗင်းရှင်းဆိုတာ စက္ကူစုတ်သာသာလို သဘောထားတယ်။ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီ အကုန်မီးလောင်မြှိုက်တယ်။ ရန်သူဟာ စစ်ရာဇဝတ်မှု ဆိုတာတွေ လျစ်လျူရှုရဲတယ်။ သူတို့ရဲ့ ကျူးလွန်မှုတွေအကြောင်း မြိန်ရေရှက်ရေပြောတယ်။ ပြည်တွင်းစစ်မှာ လေကြောင်းမသုံးရတာတွေ သူတို့ ထည့်မတွက်ဘူး။ သူတို့စစ်ခွေးတွေ သေပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်။

ရန်သူဟာ ရန်သူပီသတယ်။

ရန်သူဟာ သူလုပ်စရာရှိတာ အကုန်လုပ်တယ်။ သူအနိုင်ရဖို့ဆိုရင် စီးပွားရေးဖွံ့ဖြိုးမှုမှန်သမျှ ရပ်ဆိုင်းပစ်တယ်။ ဒေါ်လာတွေ အကုန်လက်ဝါးကြီးအုပ်တယ်။ စီမံခန့်ခွဲမှုတတ်မတတ်ဆိုတာ သူတို့အုပ်စု ဘယ်လောက်အထိ ကောင်းစားအောင် ဆောင်ရွက်နိုင်သလဲဆိုတဲ့ အမြင်နဲ့ အကဲဖြတ်တယ်။ ကျန်တဲ့ တိုင်းပြည်က ပြည်သူတွေ ငတ်တာ၊ ဆင်းရဲတာ သူတို့အလုပ်မဟုတ်။ မြန်မာကျပ်ငွေတွေ ဒုံးပျံစီးတဲ့အကြောင်း သူတို့ မသိမဟုတ်။ ကုန်စျေးနှုန်းတွေ ဘဝဂ်အထိရောက်သွားတာ သူတို့မသိမဟုတ်။ ဓာတ်ဆီစျေးတွေ အတောင်ပေါက်သွားတာ သူတို့မသိမဟုတ်။ အကုန်သိတယ်။ ခုနှစ်ဆယ်ကျော် အဘွားကြီးတယောက် ဆီတဘူးရဖို့  မျက်နှာငယ်လေးနဲ့ တိုးဝှေ့ဝယ်နေရတယ်။ အလကားဝေတဲ့ စားဆီအတွက် ရန်ဖြစ်ကြတယ်။ လုယက်မှုတွေ တနေ့တခြား များလာတယ်။ ဒါတွေအားလုံး သူတို့ မသိမဟုတ်။ သူတို့ အကုန်သိတယ်။ ပြည်သူတွေ ကျပ်တည်းလေလေ နွေဦးတော်လှန်ရေး အရှိန်လျော့လေလေ ဆိုတာကို သူတို့သိတယ်။ မျက်ဖြူဆိုက်လေ မောင်ကြိုက်လေမို့ ပြည်သူဘာဖြစ်ဖြစ် သူတို့နိုင်ဖို့ကိုပဲ အာရုံစိုက်တယ်။

ရန်သူဟာ ရန်သူပီသတယ်။

ရက်စက်မှုအပေါင်း သရဖူဆောင်းမယ်။ အဓမ္မကို ကိုးကွယ်မယ်။ မကောင်းမှုမှန်သမျှ အကုန်ကျင့်ကြံမယ်။ တရားမျှတမှုကို ရေဆုံးမြေဆုံး သူတို့ ချေမှုန်းမယ်။ လွတ်လပ်မှုကို ကြိုးစင်တင်မယ်။

ဟုတ်တယ်။ ရန်သူဟာ ရန်သူပီသတယ်။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024