အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဖွဲ့စည်းခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ၁ နှစ်ပြည့်လာခဲ့ပြီဖြစ်ပြီး အထူးကွန်မန်ဒိုနဲ့ စနိုက်ပါသမားတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) ဟာ NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ အထူးတိုက်ခိုက်ရေးနဲ့ချေမှုန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်ကာ တပ်ဖွဲ့ကို တပ် မဟာ ၆၊ တပ်ရင်း ၁၈ နယ်မြေထဲမှာ စတင်လေ့ကျင့်သင်ကြားထားတဲ့ အထူးကွန်မန်ဒို နဲ့ အထူးစနိုက်ပါသမား ၄၄ ယောက်ကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ပထမဆုံးအထူးသင်တန်းဆင်းချိန်မှာတော့ တပ်ဖွဲ့ဝင်အင်အား ၁၇၀ ယောက်ရှိခဲ့ပြီး ဆက်လက်ပြီးတော့ အထူးသင်တန်းတွေကို သင်တန်းတဖြတ်ကို လူအယောက် ၅၀ ထက်မပိုပဲ စုဆောင်းလေ့ကျင့်သင်ကြားနေတာလို့ သိရပါတယ်။
လေ့ကျင့်သင်ကြားပြီးတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင်ရေးလုပ်ငန်းတွေမှာ တာဝန်ပေးဆောင်ရွက်စေခဲ့ပြီး ကျေးလက်စစ်ဆင်ရေးအနေနဲ့ တနင်္သာရီနဲ့ ကရင်ပြည်နယ်တပ်မဟာအသီးသီးက ရှိရင်းစွဲ စစ်ကြောင်းတွေမှာလည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေးဆောင်ရွက်နေတယ်လို့ NUG အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့ပြစစ်ဆင်ရေးလုပ်ငန်းတွေကိုတော့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနဲ့ တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံရဲ့ ညွှန်ကြားချက်တွေအတိုင်း S.O.F တပ်ဖွဲ့ရုံးက တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံတွေရဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ မစ်ရှင်တွေဆောင်ရွက်ကာ ကျေးလက်စစ်ဆင်ရေးအနေနဲ့လည်း တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူးရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ စစ်ကြောင်းမှူးတွေရဲ့ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်နေကာ ထောက်ပို့ကိစ္စတွေကို တောင်ပိုင်းထောက်/ပို့တာဝန်ရှိသူတွေနည်းတူ S.O.F တပ်ဖွဲ့ရုံးက တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။