စစ်ကောင်စီက အခုနှစ်မေ ၁၂ ရက်မှာ ပြန်ဖွင့်ခဲ့တဲ့ ရန်ကုန်မြို့က တက္ကသိုလ်တွေမှာ ဒီနေ့အထိ ကျောင်းတက်ရောက်သူ နည်းပါးနေဆဲဖြစ်တယ်လို့ CDM ကျောင်းသား၊ ကျောင်းသူ အချို့က ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) တို့မှာ ကျောင်းတက်ရောက်သူဦးရေဟာ တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်ချိန်ကအတိုင်း ကျောင်းတက်သူ မရှိသလောက် ဖြစ်နေတာပါ။
ဒဂုံတက္ကသိုလ်မှာတော့ ကျောင်းပြန်လည် ဖွင့်လှစ်ချိန်က ကျောင်းသား၊ ကျောင်းသူ ၇၀၀ လောက် ကျောင်း ပြန်တက်ခဲ့ကြပြီး ကျောင်းအပ်ရာသီနောက်ပိုင်း ပထမနှစ် ကျောင်းသား၊ ကျောင်းသူတွေ ထပ်မံ ဝင်ရောက်လာတာကြောင့် အခုဆိုရင် ကျောင်းတက်တဲ့သူ ထောင်ဂဏန်းလောက် ရှိပြီလို့ CDM ကျောင်းသားတယောက်က ပြောပါတယ်။
ဒါပေမဲ့ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားအရေအတွက်ဟာ တကျောင်းကို သောင်းဂဏန်းလောက် ရှိပြီး လက်ရှိ တက်နေတဲ့ ကျောင်းသားအရေအတွက် နဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင်တော့ စစ်ဖိနပ်အောက် မရောက်တဲ့ အရေအတွက်က အများဆုံး ဖြစ်နေသေးတယ် လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ တက္ကသိုလ်တွေ ပြန်ဖွင့်စဥ်ကလည်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားခဲ့ ပြီး အခုအခါမှာလည်း ကျောင်းထဲကို သင်တန်းကိစ္စ၊ ကျောင်းကိစ္စတွေ စုံစမ်းမယ်ဆိုရင် သက်သေခံ အထောက်အထားတခုခု ပါရှိမှသာ ကျောင်းထဲဝင်ခွင့်ပြုတော့တဲ့အထိ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ရန်ကုန်တက္ကသိုလ်ကို သွားရောက်ခဲ့သူတယောက်က ပြောပါတယ်။
အခုအခါမှာ အရင်က ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေထဲက တချို့က လွတ်မြောက်နယ်မြေ တွေမှာ လက်နက်ကိုင်ပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေကြပြီဖြစ်သလို မြို့ပေါ်မှာ ကျန်ရှိနေတဲ့ ကျောင်းတက်လက်စဖြစ်နေတဲ့ ကျောင်းသားတွေ နဲ့ ကျောင်းသားဟောင်းတွေက လည်း အခါအခွင့်သင့်တိုင်း သပိတ်တိုက်ပွဲတွေနဲ့ တော်လှန်နေကြဆဲ ဖြစ်ပါတယ်။