ကျောင်းသား— လူတယောက်က တခြားသူတယောက်ကို သတ်တော့ လူသတ်မှု၊ တိုင်းပြည် အုပ်ချုပ်တဲ့သူတွေက တိုင်းသူပြည်သားတွေကို အစုအပြုံလိုက် သတ်တော့ကျ ဘာပြစ်မှုမှ မမြောက်ဘူးလား ဆရာ။
ဆရာ— မမြောက်ဘူး။ သူတို့က အချုပ်အခြာအာဏာပိုင်တွေ ဖြစ်တယ်။ အဲ့ဒါကြောင့် အပြစ်ပေးလို့ မရဘူး။
ကျောင်းသား— နိုင်ငံတကာကရော သူတို့ကို အရေးယူလို့မရဘူးလား ဆရာ။
ဆရာ— ဒါလည်း မရဘူးကွ။ ဒါက ပြည်တွင်းရေး ဖြစ်နေတယ်။ ဘာနဲ့တူလဲဆိုတော့ ကြက်ခြံပိုင်ရှင်က သူ့ကြက်ခြံထဲက ကြက်တွေကို အချိန်မရွေး ဖမ်းဆီး၊ သတ်ပစ်လို့ရသလိုပဲ။ ဒီအတွက် ဘယ်သူက အရေးယူလို့ရလို့တုန်း။ ဘယ်သူကမှ မသတ်ပါနဲ့၊ မဖမ်းပါနဲ့လို့ ပြောခွင့်မရှိဘူး။ တကယ်လို့ တယောက်ယောက်က ဝင်စွက်ဖက်မယ်ဆိုရင်လည်း သူတို့ကို မတရားကျော်နင်းမှုနဲ့ တရားစွဲလို့တောင် ရသေးတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အုပ်ချုပ်သူတွေကို နိုင်ငံတကာက ဝင်ပြီးစွက်ဖက်လို့ မရတာပဲ။
လမ်ကင်— ဟာ… ဆရာ၊ တိုင်းသူပြည်သားတွေဆိုတာ ကြက်ခြံထဲက ကြက်တွေ မဟုတ်ဘူးဗျ။
လမ်ကင် ဆိုတဲ့ ကျောင်းသားလေးနဲ့ သူ့ပါမောက္ခ Juliusz Makarewicz တို့ အပြန်အလှန် ပြောကြတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း တူရကီမှာ အားမေးနီးယန်းတွေ အစုအပြုံလိုက် သတ်ခံရမှုအတွက် အဓိကတရားခံတွေကို အရေးယူ အပြစ်ပေးခြင်း မရှိခဲ့ပါဘူး။ ကင်းလွတ်ခွင့် ရနေခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ဥပဒေကျောင်းသားလေး လမ်ကင်က အမျိုးသားရေးသမားဖြစ်တဲ့ သူ့ပါမောက္ခကို မေးခဲ့တာပဲ ဖြစ်ပါတယ်။
ပညာရပ်နဲ့ တိုက်ပွဲဝင်ခဲ့သူ
လမ်ကင် ဆိုတာ ပိုလန်-ဂျူးလူမျိုး ဥပဒေပညာရှင်တယောက် ဖြစ်ပါတယ်။ Geno- မျိုးရိုးနွယ်နဲ့ Cide-သတ်ဖြတ်ခြင်း ဆိုတဲ့ Genocide စကားလုံးကို တီထွင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ လမ်ကင် အဆိုအရ ဂျီနိုဆိုက်ဟာ မျိုးနွယ်၊ နိုင်ငံတခုကို ခုချက်ချင်း ဖျက်ဆီးမှုရယ်လို့သာ ဆိုလိုတာ မဟုတ်ဘူး။ လက်နက်နဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားသုံးမှုသက်သက်ကို ရည်ညွှန်းတာလည်း မဟုတ်ဘူး။
လူအစုအဖွဲ့တခု ယိုယွင်းပျက်စီးလာအောင် အဲဒီအဖွဲ့ရဲ့ လူမှုရေး၊ နိုင်ငံရေးဖွဲ့စည်းပုံတွေ ပြိုအောင် လုပ်တာ။ ယဥ်ကျေးမှု၊ ဘာသာတရား၊ စီးပွားရေး၊ ပုဂ္ဂလိက လုံခြုံရေးတွေကို ဖျက်ဆီးပစ်တာ၊ လွတ်လပ်ခွင့်၊ ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာ၊ အသက်ဇီဝကို ဖျက်တာ။ တနည်းအားဖြင့် လူမျိုး ဘာသာ နိုင်ငံသား အစုအဖွဲ့တွေရဲ့ ဘဝအခြေခံအုတ်မြစ်တွေကို ဖျက်ဆီးပစ်တာတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာရဲ့ နာဇီတပ်တွေကြောင့် သူ့မိသားစု ဆွေမျိုး ၄၉ ဦးဟာ မီးလောင်တိုက်သွင်း ခံခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း ဂျာမန်မြေကနေ ထွက်ပြေးခဲ့လို့သာ အသက်ဘေးကနေ လွတ်မြောက်ခဲ့တာပါ။ နိုင်ငံတနိုင်ငံမှာ အစိုးရ ဝါ အစုအဖွဲ့တွေကနေ တခြားသော လူမျိုး၊ ဘာသာ စတဲ့ အုပ်စုဝင်တွေအပေါ် ထင်တိုင်းကြဲ သတ်ဖြတ်နေမှုအပေါ် နိုင်ငံတကာက ဒီအတိုင်း လွှတ်မထားဖို့၊ အရေးယူဆောင်ရွက်ဖို့ ၁၉၃၃ ခုနှစ်လောက်ကစပြီး သူ သေဆုံးသည်အထိ တိုက်တွန်းနှိုးဆော်ခဲ့သူ ဖြစ်ပါတယ်။
အစပထမပိုင်းမှာတော့ ဘယ်နိုင်ငံတကာကမှ သူ့အယူအဆတွေ အကြံဉာဏ်တွေကို လက်မခံခဲ့ကြပါဘူး။ ဥပမာ- ၁၉၃၃ မက်ဒရစ်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး ညီလာခံမှာ သူ့ရဲ့ ဂျီနိုဆိုက်နဲ့ပတ်သက်တဲ့ အယူအဆတွေကို တင်ပြဖို့ ကြိုးစားတာကို လက်မခံဘဲ ပယ်ချတာမျိုးတွေ၊ အမေရိကန်သမ္မတ ရုစဗဲ့ကို ဥရောပမှာ နာဇီတွေ သောင်းကျန်းနေမှုအပေါ် ဒီတိုင်း လျစ်လျူမရှုဘဲ အရေးယူဖို့ တိုက်တွန်းခဲ့ရာမှာ သမ္မတဘက်ကနေ ဂျာမနီတွေကို သူ ဖျောင်းဖျမယ့်အကြောင်း၊ စိတ်ရှည်ရှည်ထားဖို့ လိုတဲ့အကြောင်း အကြောင်းပြန်ကြားခဲ့ကြတာတွေပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကျမှ အထူးသဖြင့် နုရင်ဘတ်စစ်ခုံရုံးဖွဲ့ စစ်ဆေးကြတဲ့အခါမှသာ လမ်ကင်ရဲ့ အယူအဆတွေကို တဖြည်းဖြည်းနဲ့ လက်ခံလာကြတာပါ။ ပထမကမ္ဘာစစ်ကာလက အာမေးနီးယန်းတွေလို၊ ဒုတိယကမ္ဘာစစ်ကာလက ဂျူးတွေလို ဖြစ်ရပ်ဆိုးတွေ ထပ်ပေါ်မလာဖို့အတွက် နိုင်ငံတကာအဆင့် ဥပဒေတရပ် ပေါ်ပေါက်လာအောင်လည်း ကြိုးပမ်းခဲ့သူတယောက် ဖြစ်ပါတယ်။ အဲဒီလို သူ့ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေကြောင့် ဂျီနိုဆိုက်စာချုပ်ကို မူကြမ်းအဆင့်ထိ ရောက်လာအောင်၊ နိုင်ငံတကာ ဥပဒေအဆင့်အထိ ပြဋ္ဌာန်းနိုင်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆိုရရင် လမ်ကင် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အချုပ်အခြာအာဏာ ကန့်လန့်ကာနောက်ကွယ်ကနေ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေသူတွေကို ကင်းလွတ်ခွင့်မရစေဖို့၊ လူသားမျိုးနွယ်ကို အဲဒီလို ပြစ်မှုကြီးတွေကနေ အချိန်မီ အကာအကွယ်ပေးကြဖို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့တဲ့ နှစ်ဆယ်ရာစုက ဥပဒေပညာရှင်တယောက်လည်း ဖြစ်ပါတယ်။
မြန်မာ့အရေး
လက်ရှိ နှစ်ဆယ့်တစ်ရာစု မြန်မာ့အရေးဟာလည်း အဲဒီအချုပ်အခြာ၊ ပြည်တွင်းရေး ဆိုတဲ့ဟာတွေနဲ့ ထိပ်တိုက်လာတိုးနေပြန်ပါပြီ။ လမ်ကင်ရဲ့ဆရာ ပြောတဲ့ စကားအတိုင်းဆိုရင် မြန်မာပြည်သူတွေကို ကြက်ခြံထဲက ကြက်တွေလိုပဲ နိုင်ငံတကာက သဘောထားနေကြတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ မြန်မာပြည်သူတွေဟာ စစ်တပ်ဆိုတဲ့ မကောင်းဆိုးဝါး အုပ်စုတခုကြောင့် ကြီးမားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေကို ဆိုးဆိုးရွားရွား ခံနေကြရပါတယ်။ ဒါကို နိုင်ငံတကာလည်း သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ အကြမ်းဖက်ခံရခံရ၊ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ပြည်တွင်းရေးကိစ္စဆိုတာနဲ့ပဲ နိဂုံးချုပ်လေ့ ရှိနေတုန်းပဲမို့ ဘာမှ ထိရောက်တဲ့ အကာအကွယ်တွေ၊ ကူညီမှုတွေလည်း ရှိမလာခဲ့ပါဘူး။
ဒီတော့ သူတို့ မကြာခဏ ကိုးကားပြောနေတဲ့ ပြည်တွင်းရေးကိစ္စကြောင့် ဆိုတဲ့အချက်က တကယ် ဟုတ်ရဲ့လားဆိုတာ ဆန်းစစ်ဖို့ ကောင်းလှပါတယ်။ ဘာလို့လဲဆိုတော့ ၂၁ ရာစုဟာ လမ်ကင်တို့ခေတ်နဲ့ မတူတော့တာကြောင့်ပါ။ အချုပ်အခြာ ဆိုတာကို အကာအကွယ်ယူ၊ ပြည်တွင်းရေးကိစ္စဆိုပြီး အလွဲသုံးစားလုပ်ကာ ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေသူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာဥပဒေ၊ စာချုပ်တွေဟာ လက်ရှိအချိန်မှာ ရှိနေပြီး ဖြစ်ပါတယ်။ ဒီလို ပြစ်မှုတွေကို တားဆီးဖို့အတွက်ဆိုရင် အဲဒီဥပဒေတွေအရ လုပ်ဆောင်ဖို့ နည်းလမ်းတွေလည်း ရှိနေပြီး ဖြစ်ပါတယ်။ ဂျီနိုဆိုက် သဘောတူစာချုပ်အရ ဖြစ်စေ၊ R2P အရဖြစ်စေ၊ တခြားသော နည်းလမ်းတွေအရဖြစ်စေ ကူညီဖို့နည်းလမ်းတွေ အများကြီးပဲ ရှိနေပါတယ်။ တကယ်က ဆိုရရင် ဂျီနိုဆိုက်လို ကိစ္စရပ်တွေဟာ ဥပဒေတွေ ပြဋ္ဌာန်းမထားရင်တောင် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေအရ အရေးယူဆောင်ရွက်ရမယ့် ကိစ္စတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ပြောတဲ့ ပြည်တွင်းရေးမို့ဆိုတဲ့ စဉ်းစားချက်ဟာ ယုတ္တိမတန်လှပါဘူး။
နောက်တခု စဉ်းစားမယ်ဆိုရင် သူတို့ ပြောပြောနေတဲ့ ပြည်တွင်းရေးစွက်ဖက်မှုဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ယေဘုယျပြောရမယ်ဆိုရင် သူတို့ ဆိုလိုတဲ့ ပြည်တွင်းရေးစွက်ဖက်မှု ဆိုတာ နိုင်ငံတနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပြောင်းလဲရန် (ဝါ) ထိန်းသိမ်းရန်အတွက် အဲဒီနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ အင်အားအသုံးပြုပြီး တခြားနိုင်ငံက အာဏာရှင်ဆန်ဆန် ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်ပါတယ်။ ဒီမူအရ ကြည့်လိုက်ရင်ပဲ အငြင်းထွက်စရာအချက်တွေ ထွက်ပေါ်လာပါတယ်။ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ အာဏာရှင်မဆန်ဘဲ ဝင်ပါရင် ဝါ စွက်ဖက်ခံနိုင်ငံရဲ့ ပြည်သူတွေ ဝင်ရောက်ပါဝင်ဖို့ သဘောတူတယ်ဆိုရင် ဝင်ရောက်စွက်ဖက်မှုလို့ ခေါ်ဆိုနိုင်ပါ့မလား။ ထင်ရှားတဲ့ နိုင်ငံတကာ ဥပဒေပညာရှင် အိုပင်ဟိန်း ပြောခဲ့ဖူးတာ ရှိပါတယ်။ ဝင်ရောက်စွက်ဖက်မှုဟာ အတင်းအကျပ်၊ အနိုင်အထက်ပြုတာမျိုး ဖြစ်ရပါမယ်။ ဒီလိုပြုမူတဲ့အတွက် ဝင်ရောက်စွက်ဖက်ခံ နိုင်ငံဟာ လက်ရှိပြဿနာနဲ့ပတ်သက်ပြီး ထိန်းချုပ်ကွပ်ကဲနိုင်တဲ့ အခြေအနေမျိုး မရှိတော့တာဘဲ ဖြစ်ပါတယ်။ ဝင်ရောက်စွက်ဖက်တယ် ဆိုရာမှာလည်း ရိုးသားသန့်စင်တဲ့ ဝင်ရောက်စွက်ဖက်မှုမျိုးကို စွက်ဖက်မှုလို့ မခေါ်ဆိုနိုင်ပါဘူးတဲ့။ ဒီတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီရေး အသက်ပေး တိုက်ပွဲဝင်နေကြသူတွေအတွက် ဝင်ရောက်စွက်ဖက်တယ် ဆိုရင်တောင် ဒါဟာ ရိုးသားသန့်စင်တဲ့ စွက်ဖက်မှုသာ ဖြစ်ပါတယ်။ နောက်ပြီး အစွက်ဖက်ခံရမယ့်နိုင်ငံက ပြည်သူတွေ အားလုံးကလည်း လိုလားတောင့်တနေကြတာဖြစ်လို့ စွက်ဖက်မှုလို့ ခေါ်ဖို့ခက်ပါတယ်။ စွက်ဖက်မှုမှာ အင်အားအသုံးပြုခြင်း (ဝါ) အင်အားအသုံးပြုမယ်ဆိုပြီး ခြိမ်းခြောက်ခြင်းမပြုရ ဆိုတဲ့ အချက်နဲ့ ပတ်သက်ရင်လည်း အင်အားသုံးတာမျိုး မဖြစ်အောင် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီရေး ရဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့၊ ပြည်သူတွေကို အကာအကွယ်ပေးနေကြတဲ့ မြန်မာပြည်က တော်လှန်ရေး အင်အားစုတွေကို ငွေကြေးပဲ ထောက်ပံ့မယ်ဆိုရင် ဒါဟာ စွက်ဖက်မှုလို့ ခေါ်နိုင်ပါ့မလား။ စသဖြင့် ငြင်းချက်တွေ အများကြီးထွက်လာပါတယ်။
နောက်ဆုံးတခုကတော့ နေရာတကာကို ပြည်တွင်းရေးစွက်ဖက်မှုလို့ ပြောကြကြေးဆိုရင် စစ်မိစ္ဆာတပ် ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ နိုင်ငံတကာက ရှုတ်ချတာ၊ တောင်းဆိုတာ၊ စစ်တပ်ကို စီးပွားရေးပိတ်ဆို့တာ စတာတွေကလည်း ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေ မဟုတ်လား။ ဘာလို့လဲဆိုတော့ သူတို့လက်ခံထားတဲ့ ပြည်တွင်းရေး မစွက်ဖက်ရမူနဲ့ မကိုက်ညီဘူးမို့ပါ။ တကယ်သာ ပြည်တွင်းရေး မစွက်ဖက်ဘူးဆိုရင် စစ်မိစ္ဆာတပ်က မြန်မာပြည်သူတွေကို ဘာတွေ၊ ဘယ်လိုပဲ ကျူးလွန်နေပါစေ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘာဆိုဘာမှ ကန့်ကွက်ရှုတ်ချမနေဘဲ မသိကျိုးကျွန်ပြုထားရောပေါ့လေ။ ဒီလိုလည်း သူတို့ မလုပ်နိုင်ကြပါဘူး။
အဲဒီတော့ အနှစ်ချုပ်ရရင် နိုင်ငံတကာအနေနဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေကို မကူညီတာက ပြည်တွင်းရေး ဝင်မစွက်ဖက်ရတာကြောင့် လုံးဝ မဟုတ်ဘူး ဆိုတာပါပဲ။ ဘယ်ရှုထောင့်နဲ့ပဲကြည့်ကြည့်၊ ဒါက သိသာလှပါပေတယ်။ ဒါဆို ဘာကြောင့်ပါလဲ။ ဆင်းရဲလှတဲ့ မြန်မာပြည်ဟာ သူတို့အတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်လှတာကြောင့်ပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ သူ့ရဲ့ ဂျီနိုဆိုက် အယူအဆတွေကို သဘောတူစာချုပ်အဆင့်ထိ ရောက်အောင် ကြိုးပမ်းနေစဉ် လမ်ကင်ဟာ အခုလို ပြောဖူးပါတယ်။
“နိုင်ငံကြီးတွေက သူ့ကိုယ်သူ ကာကွယ်နိုင်တယ်။ နိုင်ငံငယ်လေးတွေအတွက်ကတော့ ကိုးကားစရာ ဥပဒေပဲရှိပါတယ်” တဲ့။
လေးစားရတဲ့ ပညာရှင်ကြီး လမ်ကင် ခင်ဗျား...
လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေကို အရေးယူဖို့၊ တားဆီးဖို့ ဥပဒေတွေ၊ သဘောတူစာချုပ်တွေဟာ ယနေ့ခေတ်မှာ အသင့်ရှိနေပါပြီ။
ဒါပေမဲ့ နိုင်ငံငယ်လေးတနိုင်ငံဖြစ်တဲ့ မြန်မာပြည်ကို အဲဒီ ရက်စက်ကြမ်းကြုတ်မှုတွေကနေ ကာကွယ်တားဆီးပေးရမယ့် အချိန်မှာတော့ နိုင်ငံတကာ ဥပဒေတွေ၊ စာချုပ်တွေဟာ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားပဓာန ဝါဒကြောင့် အစွမ်းမထက်ရှာတော့ပါဘူး ခင်ဗျာ။
နွေဦးဇင်
ကိုးကား— Totally Unofficial: The Autobiography of Raphael Lemkin, Yale University Press,2013,June 18
ဒေါက်တာမြင့်ဇော်၏ ဂျီနိုဆိုက်၊ ၂၀၁၉၊ ဒီဇင်ဘာ