စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းကို ဩဂုတ် ၉ ရက်နေ့က စပြီး ည ၇ နာရီမှ မနက် ၅ နာရီအတွင်း ယာဉ်တွေ လုံးဝ(လုံးဝ)ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ Indaw Revolution-IR က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ လမ်းပိုင်းကို ထိန်းချုပ်နိုင်အောင်၊ ပြီးတော့ စခတွေက ညအချိန် ဖြတ်သန်းသွားလာရင် လွတ်လွတ်ကင်းကင်းနဲ့ လှုပ်ရှားနိုင်အောင် ပြည်သူတွေပိုပြီး ဘေးကင်းအောင်ပါ။ ဗျူဟာလမ်းမကြီးဆိုတော့ ဒီလမ်းပိုင်းပဲရှိတော့ စခတွေက ဒီလမ်းပိုင်းပဲ အသုံးပြုကြတာပါဗျ။ ရိက္ခာသယ်၊ လက်နက်ပစ္စည်းတွေသယ်၊ နာရေးကားတွေအသုံးပြုပြီး စခလူနာတွေ သယ်တာ။ နောက်ပြီး စစ်ကောင်စီပိုင် ထုတ်ကုန်ပစ္စည်းတွေသယ်၊ အဲ့လိုတွေအသုံးပြုကြတာပါ” လို့ Indaw Revolution-IR အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လူနာတင်ယာဥ်တွေအနေနဲ့ အရေးပေါ်ဖြတ်သန်းသွားလာလိုပါက Indaw Revolution-IR page (သို့) သက်ဆိုင်ရာအဖွဲ့စည်းကို အသိပေးပြီးမှသာ အရှိန်လျှော့မောင်း ဖြတ်သန်းသွားလာရမှာဖြစ်ပြီး စစ်ဆေးမေးမြန်းပါကလည်း အစစ်ဆေးခံနိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါထုတ်ပြန်ချက် ပြန်လည်ကြေညာခြင်း မရှိမချင်း အသက်ဝင်မယ်လို့ ဆိုပါတယ်။