Home
မြန်မာသတင်း
UWSA ဝ တပ်ဖွဲ့က ဖမ်းထားသည့် ထိုင်းရုပ်ရှင်ဒါရိုက်တာကို တာချီလိတ်အာဏာပိုင်ထံ လွှဲအပ်
DVB
·
August 8, 2022
298246107_2409060002567295_5561356973510014143_n

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ထဲမှာ UWSA ဝ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ နိုင်းမိုက်မိုရီဖန်း ခေါ် ခူးဒဲန်နီ (ဆရာဒဲန်နီ) ကို ဝ တပ်ဖွဲ့တာဝန်ရှိသူတွေက တာချီလိတ်အာဏာပိုင်တွေလက်ထဲ လွှဲအပ်ပေးလိုက်ပြီလို့ ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်ကို ကိုးကားပြီး Thaicrime Online ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တောင်ပိုင်း ဝ တပ်ဖွဲ့တာဝန်ရှိသူတွေဟာ ဆရာဒဲန်နီကို ဩဂုတ် ၇ ရက် ညနေ ၃ နာရီက တာချီလိတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တာချီလိတ်အာဏာပိုင်တွေက ဆရာဒဲန်နီရဲ့ ကျန်းမာရေးကို စစ်ဆေးရာမှာ ဒဏ်ရာဒဏ်ချက်မရှိဘဲ ကိုယ်ရောစိတ်ပါ ကျန်းမာကြောင်း၊ လောလောဆယ်တော့ သူ့ကို  ဗိုလ်မှူးကြီး မင်းမင်းထွန်း ဦးဆောင်သော တာချီလိတ်စစ်ဘက်ဆိုင်ရာ ဗျူဟာရုံးမှာ ထားရှိပြီး မြန်မာဘက်ခြမ်း ဝင်ရောက်သွားရတဲ့ အကြောင်းတွေကို ထပ်မံစစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။ 

ကနဦးစစ်ဆေးချက်အရ ဆရာဒဲန်နီက သူ့အနေနဲ့ မူးယစ်ဆေးဝါး နဲ့ လုံးဝပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပေမယ့် နောက်ထပ်အချိန်ယူစစ်ဆေးပြီးမှ ထိုင်းနိုင်ငံကို ပြန်လွှဲပေးမှာဖြစ်ကြောင်း၊  ဒေသအဆင့် TBC ထိုင်းမြန်မာနယ်ခြားကော်မတီကနေ ဆက်သွယ်ပြီး တာချီလိတ် - မယ်ဆိုင် အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကနေ ပြန်ပို့မယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းသတင်းဌာနက ထိုင်းဘက်ခြမ်းက TBC ကို ဆက်သွယ်မေးမြန်းရာမှာ ဩဂုတ် ၈ ရက်နေ့ထိ  ထိုင်း TBC ဘက်ကို မြန်မာဘက်က တရားဝင်အကြောင်းကြားလာတာ မရှိသေးဘူးလို့ ပြောပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့လက  ဝ တပ်ဖွဲ့ဟာ ဆရာဒဲန်နီကို ဇူလိုင် ၁၈ ရက်နေ့ကျရင်  ပြန်လွှတ်ပေးမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီလ ၇ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့တာပါ။ 

ဆရာဒဲန်နီ နဲ့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေဟာ မြန်မာဘက်ခြမ်းမှာ ရိုက်ကူးရေးရှိကြောင်း၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဆက်သွယ်ပေးမယ်ဆိုပြီး အသိမိတ်ဆွေက ခေါ်သွားတဲ့အတွက် မဲခေါင်မြစ်ကိုဖြတ်ကူးပြီး  လာအိုနိုင်ငံကနေ တာချီလိတ်ဘက်ဝင်သွားခဲ့တာပါ။ 

တာချီလိတ်ရောက်တော့ ထုတ်လုပ်သူပရိုဂျူဆာလည်းမတွေ့၊ ရိုက်ကူးရေးလည်း မလုပ်ရတာကြောင့် အဖွဲ့သားတွေက ထိုင်းကိုပြန်ခဲ့ပြီး ဆရာဒဲန်နီကိုတော့ သူ့သူငယ်ချင်းက နောက်ထပ်အလုပ်ရှာပေးမယ်ဆိုကာ ဝ စစ်တပ်ထဲခေါ်သွားကြောင်း၊ သူ့သူငယ်ချင်းမှာ ဝ တပ်ဖွဲ့ထံမှ မူးယစ်ဆေးရောင်းရငွေ ဘတ် ၂၄ သန်း အကြွေးပေးစရာရှိပေမယ့် မပေးနိုင်လို့ အလိမ်ခံထားရတယ်၊ လိမ်သွားတဲ့သူကို ရအောင်ပြန်ဖမ်းပေးမယ်လို့ဆိုပြီး မလိမ့်တပတ်နဲ့ ဆရာဒဲန်နီကို ဝ စစ်တပ်လက်ထဲအပ်ခဲ့ပြီး ဝ ဘက်ကလည်း ၂၄ သန်းနဲ့ လာမရွေးရင် မလွှတ်ပေးဘူးဆိုကာ အဓမ္မလုပ်အား ခိုင်းစေနှိပ်စက်ခံရတယ်လို့ ဆရာဒဲန်နီက သူ့မိသားစုထံ စာရေးပေးပို့ထားသလို မိခင်ဖြစ်သူကလည်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက UWSA ဝ တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံ ဦးဆမ်သိန်းထံ ဆက်သွယ်မြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024