၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေး ကွပ်မျက်မှုအပေါ် အဆုံးစွန်စိတ်ပျက်မှုနဲ့ အလွန်အမင်း စိတ်ပူပန်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ သြဂုတ် ၄ ရက်က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ ပြောကြားလိုက်တာပါ။
မြန်မာစစ်အုပ်စုက အာဆီယံဘုံသဘောတူညီချက် အချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့ အပေါ် ဩစတြေးလျဟာ ကမ္ဘောဒီးယားနဲ့ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အထပ်တူကျတဲ့ စိတ်ပျက်မှုတွေကို မျှဝေခံစားနေရပါကြောင်းလည်း မစ္စဝေါင်းက ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖမ်းဆီးခံ သြစတြေးလျပညာရှင် ပါမောက္ခ ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့လည်း မြန်မာစစ်အာဏာရှင်ထံမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပါတယ်။
PHOTO Credit- foreignminister.gov.au