မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ ဖန်ဖုကျေးရွာအုပ်စု မိုင်းကျက်ဂူထဲမှာ အချိန် ၃ နှစ် ၃ လ ၃ ရက်တာ တရားအား ထုတ်နေခဲ့ရာမှာ အဓိဋ္ဌာန်အောင်မြင်ပြီဖြစ်လို့ ဩဂုတ် ၁ ရက် ဒီကနေ့မနက် မနက် ၇ နာရီမှာ ဂူထဲကနေ ထွက်ခဲ့ရာမှာ ရဟန်းရှင်လူပြည်သူသောင်းချီ ကြိုဆိုခဲ့ကြပါတယ်။
ဆရာတော်ဟာ ဒီမနက် ၇ နာရီမှာ ဂူထွက်ပြီး နမ့်ဟူးရေထွက်မှာ ဆံချကြောင်း၊ အဲဒီနောက် အသင့်စီမံထားတဲ့ စံကျောင်းဆောင်မှာ ဆွမ်းဘုဉ်းပေးကာ မိုင်းကျက်အောက်ဂူ ဘုံ ၇ ဆင့်ဘေးက ကျောင်းဆောင်မှာ အပူဇော်ခံတရားဟောမယ်လို့ မိုင်းကျက်သာသနာ့နယ်မြေ သန့်ရှင်းရေးကုသိုလ်ပြုအဖွဲ့မှ စိုင်းလွိုင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။
“ဆရာတော်ဘုရားက အထက်မိုင်းကျက်ဂူမှာ တရားထိုင်တာပါ။ အဓိဋ္ဌာန်အောင်မြင်ပြီး ကနေ့မနက် ၇ နာရီတိတိမှာ ဂူထွက်ပါတယ်။ အထက်ဂူနဲ့အောက်ဂူက တော်တော်အလှမ်း ဝေးတယ်၊ တောင်ပေါ်ကနေ ၁ နာရီကျော် ခြေလျင်လျှောက်လှမ်းလာပြီးမှ တောင်အောက် ရောက်တယ်၊ တောင်အောက်မှာ သံဃာတော်နဲ့ ဒကာတွေက အသင့်ပြင်ထားတဲ့ ဝေါနဲ့ပင့် ဆောင်ပါတယ်၊ နမ့်ဟူးရေထွက်မှာဆံချပါတယ်၊ ပြီးတော့ စံကျောင်းတော်မှာ ဆွမ်းဘုဉ်းပေးတယ်၊ မွန်းလွဲပိုင်းမှာ မိုင်းကျက်ကိုရောက်တယ်လို့ ခန့်မှန်းပါတယ်ခင်ဗျ။ အဲဒီမှာ ဖုန်းလိုင်းမမိဘူး၊ ကျနော်က အခုမိုင်းဆတ်မှာပစ္စည်းလာဝယ်နေလို့ အဆက်အသွယ်ရတာ။”
ဆရာတော်ဟာ အောက်မိုင်းကျတ်ဂူ ဘုံ ၇ နှစ်ဆင့်ဘေးက ကျောင်းဆောင်မှာ ၅ ရက်တာ အပူဇော်ခံမှဖြစ်ကြောင်း၊ ဒီနေ့ ညနေ ၅ နာရီမှာတော့ အသင့်စောင့်ကြိုနေတဲ့ မြန်မာပြည် အနယ်နယ် အရပ်ရပ်ကနေ လာရောက်စောင့်ကြိုနေကြတဲ့ ရဟန်းရှင်လူပြည်သူတွေကို တရားဟောပေးမယ်လို့ ဆိုပါတယ်။
ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေမှာ ကားအစီးရေ ၁၀၀၀၀ ကျော်လောက်ရှိလို့ လူပေါင်း ၁ သိန်းကျော်မယ်လို့ ခန့်မှန်းပါတယ်။
ဧည့်သည်တွေ သောင်းနဲ့ချီရှိပေမယ့် မိုင်းကျက်ဧရိယာကျယ်ဝန်းတာကြောင့် ကားပါကင်နေရာလုံလောက်ကြောင်း၊ ချိုးရေမှာလည်း ရှည်လျားတဲ့ နမ့်ကတ်ချောင်းရေကို အသုံးပြုပြီး ရေအိမ်တွေလည်း အဆင်ပြေအောင်စီစဉ်ထားကြောင်း၊ စားရေးသောက်ရေးမှာလည်း အလှူရှင်တွေ နေ့စဉ်မပြတ် နိဗ္ဗာန်ဈေးခင်းနေလို့ မပူပင်ရဘဲ အိပ်စရာသာ အခက်အခဲရှိလိမ့်မယ်လို့ စိုင်းလွိုင်ခမ်းက ပြောသွားပါတယ်။
ဆရာတော်ဟာ မိုင်းကျက်ဂူမှာ ၅ ရက်နေပြီး မိုင်းဆတ်ကနေတဆင့် တာချီလိတ် မိုင်းဖုန်းကျောင်းတိုက်ကို ပြန်ကြွမှာဖြစ်ရာ မိုင်းဖုန်းမှာ တပည့်သံဃာဒကာဒကာမတွေကလည်း ကြိုဆိုဖို့ အသင့်ပြင်ထားကြပါတယ်။
မြန်မာနိုင်ငံတင်မက အိမ်နီးချင်းထိုင်း၊ လာအို၊ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ကြည်ညို ကိုးကွယ်တဲ့ ဆရာတော်ကို ဂူရှေ့အထိ သွားရောက်မဖူးမြော်နိုင်သူတွေအနေနဲ့ ဆရာတော်ကိုကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ ရှမ်းပြည်နေရာအသီးသီးမှာ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။