Home
မြန်မာသတင်း
ကမာရွတ်နှင့်ပုဇွန်တောင်တို့တွင် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်ဆန္ဒပြုသူ လေးဦး ဖမ်းဆီးခံရ
DVB
·
July 31, 2022
0000000000000

ရန်ကုန်တိုင်း ကမာရွတ်နဲ့ ပုဇွန်တောင်မြို့နယ်တို့မှာ ဒီကနေ့ မနက်ပိုင်းက လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်ကာ သံပုံးတီးသူတွေနဲ့ ကားဟွန်းတီးသူ လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အဆိုပါမြို့နယ်နေသူတွေက ပြောပါတယ်။

ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊ ပေ ၅၀ လမ်း (စျေးလမ်း) မှာရှိတဲ့ စျေးသည်လင်မယားနှစ်ဦးအပါအဝင် သုံးဦးကို သံပုံးတီးလို့ဆိုကာ စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို  ပြောပါတယ်။

“ငါးရောင်းတဲ့ လင်မယားကို လက်ကိုကော်ကြိုးတွေနဲ့တုပ်ပြီး ဖမ်းသွားတယ်၊ အရက်မူးပြီး သံပုံးတီးတဲ့ ဦးလေးကြီးကိုတော့ လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်။” 

အလားတူ ပုဇွန်တောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ဇီဇဝါလမ်းနဲ့ မြောင်းကြီးလမ်းထောင့်မှာ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်ကာ ကားဟွန်း မနားတမ်းတီးခဲ့တဲ့ လူငယ်တဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြောင်းကြီးလမ်းမှာနေတဲ့ ကိုစိုးနိုင်ဦး သူက Taxi မောင်းတာ၊ ကားဟွန်းတီးတဲ့အချိန် လှည့်ကင်းကားက လာပြီးဖမ်းသွားတာ။”

အလားတူပင် လှိုင်မြို့နယ် အမှတ် ၇ ရပ်ကွက်မှာ လမ်းသွားလမ်းလာပြည်သူအချို့ကို ဒီကနေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေရဲ့ ပြောပြချက်အရသိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲမှာ ပြည်သူတွေ ပါဝင်လာမှာ ကိုသိတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ရန်ကုန်က မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ထားတာ ကို တွေ့ရပါတယ်။

နိုင်ငံတဝန်း မြို့နယ်အတော်များများနဲ့ တော်လှန်ရေးနယ်မြေတွေမှာလည်း လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024