“မေမေရေ..... မေမေ။ မေမေ့ကို ခေါ်မသွားကြပါနဲ့။ ဖေဖေကို မရိုက်ကြပါနဲ့” မောင်တိုးလေး တစ်ယောက် အိပ်ရင်းနဲ့ ကယောင်ကတမ်း မြည်တမ်းနေသည်။ အရင်ကဆို ည အိပ်ပြီဆိုတာနဲ့ တချိုးတည်း။ မနက် အိပ်ရာထတဲ့အထိ အိပ်လိုက်သည်မှာ တုတ်တုတ်မှမလှုပ်။ အခုရက်ပိုင်းတော့ မောင်တိုးလေးတစ်ယောက် သိပ်အိပ်လို့မပျော်။ ဘယ်လှိမ့် ညာလှိမ့်နဲ့။ အိပ်မက်ယောင်တာကလည်း မကြာခဏ။ ခိုင်ထူးရဲ့ “တရေးမှ မပျော်တဲ့ည… မှောင်လွန်းနေတယ်” ဆိုတာကို မောင်တိုးလေး နားမထောင်ဖူး။ အလားတူ ခင်ဝမ်း၏ “ဒီည....အိပ်မရတဲ့ည” ဆိုတဲ့ သီချင်းကိုလည်း မသိပါ။ သို့ပေမဲ့ မောင်တိုးလေး တစ်ခုတော့ သိသည်။ မောင်တိုးလေး အိပ်မရတာဘဲ ဖြစ်သည်။
ညတိုင်းတွေမှာ အိပ်ရခက်သလို မနက်မိုးလင်းပြီ ဆိုရင်လည်း နေထိုင်ရတာတမျိုးကြီးပါ။ ခါတိုင်း အစားအသောက် သောင်းကျန်းသော မောင်တိုးလေးတစ်ယောက် ဒီရက်ပိုင်းအတွင်း မနက်စာကိုတောင် သိပ်မစားဖြစ်တော့။ စားပြီ ဆိုရင်လည်း တလုတ် တစ်ဆုပ်ပဲ ဝင်သည်။ နေ့လယ်ခင်းဆိုရင်လည်း အရင်ကလို မုန့်ဝယ်မစားဖြစ်။ ဒေါ်ဒေါ်တို့၊ မမတို့က ဝယ်ကျွေးရင်တောင် ဗိုက်ထဲ ဘယ်လိုမှ စားချင်စိတ်မရှိ။ မစားမဖြစ် အတင်းကျွေးမှသာ တခုတလေ စားသည်။ ကစားဖော် သူငယ်ချင်းတွေနဲ့လည်း မကစားချင်ပါ။
“လာပါဟ တိုးလေးရ၊ ခါတိုင်းလို စက်ဘီး လျှောက်စီးရအောင်”
ကစားဖော်သူငယ်ချင်းတွေက ခေါ်တာကို သူ စိတ်မပါ။ အရင်ကဆို သူကပဲ ဦးအောင်သွားကာ အိမ်နီးချင်း ကစားဖော်သူငယ်ချင်းတွေကို လှည့်ပတ်ခေါ်သည်။ မိုးလင်းက မိုးချုပ်ထိ တနေကုန်နီးပါး ကစားသည်။ အမေကတောင် သူ့ကို နာမည်ပေးထားသည် မဟုတ်ပါလား။ လည်ရာပြန်စားမင်းသား မောင်တိုးလေး တဲ့။
အဲ့သလို အစားလည်း ကြီးသလို ကစားလည်းကြူးသည့် မောင်တိုးလေး ဖြစ်ပါသည်။ အခုတော့ အိမ်ထဲက အိမ်ပြင်ကိုပင် မောင်တိုးလေးတစ်ယောက် မထွက်ချင်တော့။ ဘာဆိုဘာမှ လုပ်ချင်စိတ်မရှိ။ သူ့စိတ်ထဲတွင် လုပ်ချင်စိတ်တစ်ခုတည်းရှိသည်ဆိုလျှင် ထိုအရာသည် ဖေဖေနဲ့ မေမေကို တွေ့ချင်သည့် စိတ်ဆန္ဒတစ်ခုတည်း ဖြစ်သည်။ ဟုတ်တယ်။ သူ ဖေဖေနဲ့ မေမေကို လွမ်းသည်။
အနိစ္စ ဆိုသည့် ဘုရားဟောတရားတွေကို လေးတန်းကျောင်းသား မောင်တိုးလေး တစ်ယောက် မသိပါ။ မေမေနဲ့အတူ ဥပုသ်ကျောင်းလိုက်တော့ ရွတ်ဆိုဖူးတာပဲ ရှိသည်။သို့တိုင် မမြဲခြင်းသဘော ဆိုတာကို မောင်တိုးလေး နားမလည်။
အဲဒီနေ့က...။ နေ့ဆိုတာထက် ည။
အဲဒီညက မောင်တိုးလေး တစ်ယောက် အိပ်ခန်းထဲတွင် ဖုန်းဖြင့် ဂိမ်းကစားနေသည်။ ဖေဖေနဲ့ မေမေက ဧည့်ခန်းထဲမှာထိုင်ရင်း သတင်းနားထောင်ကာ စကားပြောနေကြသည်။ မမကတော့ ဒီည စောစော အိပ်နှင့်ပြီ။ တရပ်ကွက်လုံးမှာလည်း တိတ်ဆိတ်လို့။ ထိုအချိန်အထိ တိုးမောင် ဂိမ်းကစား မပျက်။ ဖေဖေနဲ့ မေမေတို့ကလည်း စကားပြောလို့ကောင်းနေတုန်း။ စက္ကန့်မလပ် ပြောင်းလဲနေသော အဖြစ်အပျက်တို့ကို မောင်တိုးလေးတို့ သတိမပြုမိသေး။ သိပ်မကြာလိုက်ပါ။ အဖြစ်အပျက်တို့သည် သတိမမူမိသော မောင်တိုးလေးတို့ကို သတိပြုလာမိစေတော့သည်။
ခြံဝင်းထဲက မောင်တိုးလေးတို့၏ ခွေးနှစ်ကောင်ရဲ့ အဆက်မပြတ်ဟောင်သံကို စတင် ကြားလိုက်ရသည်။ မရှေးမနှောင်းဆိုသလို ခွေးဟောင်သံနဲ့အတူ ခြံဝင်းတံခါးထုသံတွေလည်း ကြားလာရသည်။ ဒီတော့ ဖေဖေနဲ့မေမေတို့ သတင်းပိတ်ကာ ထကြည့်တော့သည်။
“ငြိမ်ငြိမ်နေကြ...ဒူးထောက်စမ်း။ အကုန်ပစ်သတ်လို့ရတယ်။ ဟိုကောင်မ သေချာထိုင်"
ခွေးဟောင်သံ၊ပြီးတော့ တံခါးထုသံ၊ အခုဆဲသံဆိုသံ..... ။ ခဏကြာတော့ မောင်တိုးလေး ဆော့လက်စ ဂိမ်းကို အဆက်ဖြတ်ပြီး အိမ်ရှေ့သို့ အသာလေး ထွက်ကြည့်မိသည်။
မောင်တိုးလေး ပထမဆုံး မြင်ရတာက ဖေဖေနဲ့ မေမေ။ ပြီးတော့ သေနတ်တွေ ကိုင်ထားတဲ့ လူတွေ။ ဖေဖေနဲ့ မေမေမှာ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကလို လွတ်လွတ်လပ်လပ် မဟုတ်တော့။ သူတို့လက်တွေမှာ လက်ထိပ်တွေနဲ့။ လက်နက်ကိုင်ထားသူတွေက ဖေဖေနဲ့ မေမေကို ဆဲရေးသည်။ ဖေဖေကို ကန်သည်။ ရိုက်သည်။ သေနတ်ဒင်နဲ့ထုသည်။
မောင်တိုးလေးရှေ့မှာ ဖေဖေနဲ့ မေမေကို အခုလိုတွေ့ရတော့ စိတ်ထဲ ဝမ်းနည်းသလို ခံပြင်းသလိုလို။ ဖေဖေတို့ကို သတ်များသတ်တော့မှာလား။ မောင်တိုးလေး ကြောက်သည်။ အတန်ကြာ ငိုင်နေမိသည်။ ပြီးမှ မမကို သတိရပြီး မမဆီပြေးသွားကာ အိပ်ပျော်နေသော မမကိုနှိုးရင်း အကျိုးအကြောင်း ပြောပြသည်။ ထိုအခိုက် လက်နက်ကိုင်လူများ အိမ်ထဲကို ရောက်ချလာသည်။ ပါးစပ်ကလည်း ဆဲဆိုကြိမ်းမောင်းသံတို့နဲ့။ မောင်တိုးလေး ကြောက်လိုက်သည်မှာ ပြောမပြတတ်။ ဒူးတွေလည်း တုန်သည်။ မောင်တိုးလေးတို့ရှိရာ အခန်းသို့ သူတို့ဝင်လာပြီး ဒူးထောက်ခိုင်းထားသည်။ မော့မကြည့်ဖို့၊ မော့ကြည့်ရင် ပစ်သတ်လိုက်မယ်ဆိုပြီး မောင်တိုးလေးတို့ကို ခြိမ်းခြောက်ထားသည်။ ဖေဖေနဲ့ မေမေတို့ကိုပါ အိမ်ထဲခေါ်လာပြီး အိမ်နေရာအနှံ့ သူတို့တတွေ ရှာဖွေသည်။ အဝတ်ဗီရိုတွေ၊ သေတ္တာတွေ ၊အိပ်ခန်းတွေ အိမ်သာပါ မကျန်။ ဖုန်းတွေကိုလည်း အကုန်သိမ်းသည်။ ပြီးနောက် ဖေဖေနဲ့ မေမေကို အရင်ခေါ်ထုတ်သွားသည်။ လက်ထိတ်ခတ်တာအပြင် ဖေဖေနဲ့မေမေကို အိတ်အမည်းနဲ့ ခေါင်းစွပ်သွားသည်။ ဒါကိုတော့ မောင်တိုးလေး မမြင်လိုက်ရ။ ဖေဖေနဲ့မေမေကို ခေါ်ထုတ်သွားပြီးနောက် မောင်တိုးလေးတို့ မောင်နှမနှစ်ယောက်ကိုလည်း အိမ်စီးကား အသေးလေးနှင့် တနေရာရာကို ခေါ်လာသည်။ ကားပေါ်မှာ စကားမပြောရ။ ဘယ်ဆီဘယ်ဝယ် မသိသော ခရီးကို ညကြီးမင်းကြီး မောင်တိုးလေးတို့မောင်နှမ နှစ်ယောက် လိုက်ပါသွားကြရသည်။
ကားသံရပ်မှပဲ ကားပေါ် ကဆင်းရသည်။ ရဲစခန်းပဲလို့ မမက တိုးတိုးပြောပြလို့ သိလိုက်ရသည်။
ထို့နောက် ရဲစခန်းထဲက အဆောက်အအုံအပေါ်ထပ်သို့ မောင်တိုးလေးတို့ မောင်နှမနှစ်ယောက်ကို ခေါ်လာသည်။ အခန်းမှာ မီးရောင်ဖျော့ဖျော့ ။
“မင်းတို့နှစ်ယောက် ဒီည ဒီမှာပဲနေကြ၊ အော်ကျယ်အော်ကျယ် မလုပ်ကြနဲ့နော်” ရဲဝတ်စုံနဲ့လူကြီးက ပြောပြီးနောက် ထွက်သွားသည်။ ပြီးတော့ မောင်တိုးလေးတို့ အခန်းတံခါးကို သော့ခတ်လိုက်သည်။ မောင်နှမနှစ်ယောက်လုံး အကြောက်ကြောက်အလန့်လန့်နဲ့။
“မကြောက်နဲ့နော်” မမက အားပေးသည်။ မောင်တိုးလေး ကြောက်သည်။ သူစိမ်းတွေ ဘယ်ကမှန်း မသိတဲ့ သူစိမ်းတွေ။ ပြီးတော့ သေနတ်တွေ။ ဘယ်အချိန် ဘာလုပ်ခံရမလဲ မောင်တိုးလေး မသိ။ မမအနားကိုပဲ တိုးကပ်၍နေတော့သည်။ အခန်းထဲတွင် အနည်းငယ် နေသားကျမယ်ရှိသေး။ ဖေဖေနဲ့ မေမေတို့ဆီ စိတ်ကရောက်သွားသည်။ သူတို့ဘယ်ရောက်သွားတာလဲ။ သူတို့ကို ဘာလုပ်လိုက်ကြပြီလဲ။
ဖေဖေနဲ့မေမေအတွက် စိတ်ပူလာသည်။ သူတို့ရှေ့မှာတောင် ရိုက်နှက်ဆဲဆိုနေမှတော့ သူတို့နောက်ကွယ်မှာ ဘယ်လောက်နှိပ်စက်လေဦးမလဲ မသိ။
ထိုညက မောင်တိုးလေးတစ်ယောက် ဘယ်အချိန်က အိပ်ပျော်သွားသည်ကိုပင် မမှတ်မိတော့။
နောက်ရက်မနက်မှာတော့ ဘာကြောင့်မှန်းတော့မသိ။ မောင်တိုးလေးတို့မောင်နှမ နှစ်ယောက် ခံဝန်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ အဖြစ်အပျက်တို့ကို မောင်တိုးလေး နားမလည်။ မိမိသည် အချိန်တန်လျှင် စားမည်၊ ဆော့မည်၊ ဖေဖေနဲ့မေမေကို ညှော်မည်။ ကျန်တာ ဘာဆိုဘာမှ မလုပ်တတ်။ ဒါကို အဖမ်းခံရသည်။ ရဲစခန်းမှာ အချုပ်ခံရသည်။ နောင်တွင် ဘာမှမလုပ်ပါဆိုပြီး ခံဝန်ထိုးရသေးသည်တဲ့။ မောင်တိုးလေး နားမလည်တော့။ မစဉ်းစားတတ်တော့ပါ။ အသက်မပြည့်သေးသည့် မောင်တိုးလေးတို့ မောင်နှမနှစ်ယောက် အိမ်ပြန်ရောက်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ ဖေဖေနဲ့ မေမေတို့ ပြန်များရောက်နေပြီလားဆိုပြီး အော်ခေါ်ကြည့်၊ ရှာကြည့်သေးသည်။ မတွေ့။ သူတို့ မောင်နှမနှစ်ယောက် ရောက်လာသော်လည်း ဖေဖေနဲ့မေမေတို့ ပြန်ပါမလာခဲ့ပါ။
မောင်တိုးလေး၏ဆွေမျိုး မိတ်ဆွေများက စုံစမ်းသည့်တိုင် မိဘများ၏သတင်းမှာ မရေရာ။ အမေကတော့ ထောင်ထဲရောက်သွားပြီလို့ ကြားရသည်။ အဖေကတော့ စစ်ကြောရေးမှာလိုလို သတင်းထွက်သည်။ ဟိုလိုလို သည်လိုလို မသေချာသတင်းတွေနဲ့ ယခုဆို တစ်ပတ်ကျော်လာခဲ့ပြီ။
မောင်တိုးလေးတစ်ယောက် ယခုလို အကြာကြီး ဖေဖေ၊ မေမေတို့နဲ့ မခွဲစဖူး။ မနက်လင်းတိုင်း အိပ်ရာနှိုးသည့် မေမေ့ကို သတိရသည်။ အဖေနဲ့အတူ မုန့်ဆိုင်ထိုင်ရင်း ကိုယ်စားချင်တာ စားခဲ့ရတာတွေကို သတိရသည်။ ရေချိုး နောက်ကျ၊ ထမင်းစား နောက်ကျတိုင်း မေမေ ဆူတာတွေကို မြင်ယောင်သည်။ သူငယ်ချင်းတွေနဲ့ ကစားပြီးလို့ပြန်လာတိုင်း အဖေရေ၊ အမေရေလို့ အော်ခေါ်နှုတ်ဆက်ရတာကို မောင်တိုးလေး သတိရသည်။ ညအိပ်ရာဝင်တိုင်း အဖေနဲ့အမေကြား တိုးဝင်ကာ ဖေဖေပြောပြသည့် ပုံပြင်တွေကို နားထောင်ပြီးအိပ်ရတာကို သတိရသည်။ ယခုတော့ မောင်တိုးလေး တယောက်တည်း။ အပူအပင်ကင်းတဲ့ ကလေးလေးဘဝ မဟုတ်တော့။ အပူအပင်များစွာနဲ့ မောင်တိုးလေးတစ်ယောက် ဖြစ်နေပေပြီ။
သူ ပြန်လွတ်လာကတည်းက မောင်တိုးလေးတစ်ယောက် ယခင်ကလို စကားသိပ်မပြောတော့။ အစား သိပ်မစားတော့။ မကစားဖြစ်တော့ပါ။ အိမ်ရှေ့ တံခါးဝကို ကြည့်ရင်း ဖေဖေနဲ့မေမေ အိမ်ပြန်အလာကိုသာ မောင်တိုးလေးတစ်ယောက် စောင့်မျှော်နေမိပါတော့သည်။
နွေဦးဇင်