ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဇူလိုင် ၂၁ ရက် နေ့က သရက်ချိုကျေးရွာဘက်ကို စစ်ကောင်စီတပ်က ညောင်နီကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ လယ်တောထဲက ကလေး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
နွား ၂ ကောင်နဲ့ လယ်ထဲ အလုပ်လုပ်နေတဲ့ အမျိုးသားတဦးနဲ့ လယ်တောထဲရောက်နေတဲ့ ကလေး ၂ ဦးတို့ဟာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒဏ်ရာရ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"မနေ့က နေ့လယ် ၁၂ နာရီ ဝန်းကျင်က ပစ်သံအဆက်မပြတ်ကြားရတယ်။ အဲ့ဒါ လယ်တောထဲ ရောက်နေတဲ့ ကလေး ၂ ယောက်ထိမိပြီး သေသွားတယ်၊ ပြီးတော့ ဦးလေးကြီးတယောက်နဲ့ နွား ၂ ကောင်နဲ့ ထိမိပြီး သေတယ်။ ကလေးနှစ်ယောက်ဆို သူ့အမေက သူ့တို့ကို တဲမှာနေဖို့ မှာထားပြီး လယ်ထဲပတ်ကြည့်ဦးမယ်ဆိုပြီး ဘယ််လောက်မှ မဝေးသေးဘူး၊ သူ့ကလေးတွေ ထိမိပြီး ပွဲချင်းပြီး သေသွားတာ၊ ဘယ်လောက်တောင် ရင်နာလိုက်မလဲ” လို့ မိုးမိတ်မြို့ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်ညကစပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိရာနေရာကိုလက်နက်ကြီးကျပြီး KIA က အရာရှိ ၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ နေ့ခင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တပ်မ ၈၈ နဲ့ တွင်းငယ်အခြေစိုက် အမြောက်တပ်ရင်း တို့ တပ်ကူရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လယ်တောထဲက ကလေး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ၃ ဦး ဘယ်သူတွေဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “PDF တွေက အဲ့ဘက်ရွာက လယ်သမားတွေကို လယ်ထဲမသွားဖို့ ထွန်စက်မမောင်းဖို့ သတိပေးထားပြီးသားပါ။ စက်သံနဲ့ဆိုတော့ စကစဘက်က ရဟတ်ယာဉ်တွေလာရင် အသံမကြားရမှာစိုးလို့ ဆိုပြီး၊ ဒါမယ့် ရွာကလူတွေက အားလုံးနီးပါး တောင်သူလယ်သမားချည်းပဲ ဆိုတော့ ဒါမှ မလုပ်စားရင် အဆင်မပြေကြဘူးလေ၊ နွားတွေနဲ့ သွားလုပ်ကြတာပေါ့ အဲ့မှာထိကြတာ” လို့ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ခုပ်တန်းရပ်ကွက်နဲ့ ပလောင်ကုန်းအစပ်နားမှာ စစ်ကားနှစ်စီးရပ်ထားပြီး ယောကျာ်းလေး မိန်းကလေးတွေကို စစ်ဆေးနေတယ်လို့ပြောပါတယ်။
မိုးမိတ်မြို့မှာ ဇူလိုင် ၁ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ SSPP တို့လထိတွေ့မှုဖြစ်ပွားပြီး နောက် မကြာခဏ ပစ်ခတ်သံနဲ့ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။