Home
မြန်မာသတင်း
မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြရွာအနီး စစ်ကောင်စီစစ်ဆေးရေဂိတ် မီးရှို့ဖျက်ဆီးခံရ
DVB
·
July 21, 2022
Aung Myin Thar

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာအနီး ခရီသွားပြည်သူတွေကို ပိုက်ဆံကောက်တဲ့  စစ်ကောင်စီစစ်ဆေးရေးဂိတ် ဇူလိုင် ၂၀ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်မြင်သာစံပြကျေးရွာအဝင်က စစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို အမည်မသိအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး မီးလောင်နေစဉ် အောင်မြင်သာရဲစခန်းက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“အဲ့ဒီဂိတ်ကနေ ခရီးသွားပြည်သူတွေကို ပိုက်ဆံကောက်တာတွေရှိတယ်။ ည ၁၀ နာရီလောက်က အဲ့ဂိတ် မီးလောင်တယ်။ ဘယ်သူတွေ လာရှို့လဲတော့မသိရဘူး။ မီးလောင်နေတော့ သေနတ်နဲ့ လှမ်းပစ်တယ်။ မီးလောင်လို့ ဂိတ်တော့ပျက်စီးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မြစ်ကြီးနား ပူတာအို လမ်းမပေါ်မှာရှိတဲ့ အောင်မြင်သာစစ်ဆေးရေးဂိတ်ဟာ မီးလောင်မှုဖြစ်ပွားနေချိန် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က သေနတ်နဲ့ ၁၀ ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိခိုက်သူတော့ မရှိဘူးလို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ်ကို PDF မြို့ပြပြောက်ကျားတပ်ဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးတာလို့ ပြောဆိုနေကြပေမယ့် ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာနဲ့ မီးလောင်ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အဆိုပါ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မြစ်ကြီးနား၊ ပူတာအို အတက်အဆင်း ကုန်တင်ကားနဲ့ ခရီးသည်တွေဆီက ငွေကျပ် ၁,၀၀၀ ကနေ ၃,၀၀၀ ကျပ်အထိ ကောက်ခံတောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံထားရတဲ့‌နေရာကို စစ်ဆေးတာ မပြုလုပ်သေးဘဲ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ ဆိုပါတယ်။

မီးရှို့ခံခဲ့ရတဲ့ဂိတ်ဟာ အောင်မြင်သာ စံပြကျေးရွာအပန်းဖြေ စခန်းအဝင်မှာရှိပြီး ပြီးခဲ့တဲ့ ဧပြီလ ပိုင်းကလည်း အပန်းဖြေစခန်းမှာရှိတဲ့ ဆိုင်ခန်းသုံးခန်းထက်မနည်း မီးလောင်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024