Home
မြန်မာသတင်း
တော်လှန်ရေးရဲဘော်များ ကိုယ်တိုင်ဖန်တီးမှုလက်ရာ “ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ။” ဘန်နာ လေလံတင်ရောင်းချ
DVB
·
July 20, 2022
294257617_429652129202868_6844654624884266374_n

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့အတွက် ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တွေရဲ့ လက်ဖြစ်ကိုယ်တိုင်ရေး ဖန်တီးမှုနဲ့ ဘန်နာတခုကို အမေရိကန်ဒေါ်လာ ၅၀၀ ကနေ စတင်ပြီးတော့ လေလံတင်ရောင်းချနေပါတယ်။

“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” လို့ ရေးသားထားတဲ့ ဒီဘန်နာကို ဖန်တီးဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ထွက်မယ့် သပိတ်စစ်ကြောင်းအတွက် ဘယ်ဆိုင်ကမှ အလွယ်တကူ Print လုပ်မပေးရဲတာကြောင့် တော်လှန်ရေးရဲဘော်တွေကိုယ်တိုင် လက်ဖြစ်ရေးဆွဲခဲ့ရတာလို့ ဆိုပါတယ်။

လေလံပွဲစီစဉ်သူ ပန်ဆယ်လိုကတော့ “ဘန်နာပေါ်မှာ ရေးထားတဲ့ စာလုံးတိုင်း၊ ပန်းချီတိုင်းက တော်လှန်ရေးလူငယ်တွေရဲ့ အမေ့မွေးနေ့မှာ ဆုတောင်းပေးချင်တဲ့စိတ်ကနေ ပေါ်ထွက်လာတဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတတွေပါပဲ။ ဒီဘန်နာလေးဟာ ငွေကြေးအားဖြင့် တန်ဖိုးရှိချင်မှ ရှိပါမယ်။ ဆွဲထားတဲ့သူတွေဟာလည်း နာမည်ကြီးအနုပညာရှင်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ပြသပိတ်တိုက်ပွဲအတွက် အန္တရာယ်ကြားက အသက်ပေး တိုက်ပွဲဝင်နေကြတဲ့ လူငယ်သတ္တိခဲတွေ၊ ကျောင်းသားသူရဲကောင်းတွေရဲ့ နှလုံးသဲပွတ်လက်ရာဖြစ်တဲ့အတွက် တော်လှန်ရေးတန်ဖိုးကတော့ ကြီးကြီးမားမားရှိတဲ့ လက်ရာလေးပါပဲ။ တစ်နေ့ နွေဦးပြတိုက်မှာ သမိုင်းတင်ထားရမယ့် လက်ရာလည်း ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ပုန်ကန်တော်လှန်နေမယ့် ရန်ကုန်အတွက် ဂုဏ်ပြုပေးတဲ့အနေနဲ့ လေလံဈေးကို ပန်ဆယ်လိုရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ ချက်ဘောက်စ်ကနေတဆင့် ဈေးပြိုင်ပေးဝယ်ယူနိုင်မှာဖြစ်ပြီး လေလံရရှိ​ငွေအားလုံးကိုလည်း ဒီအဖွဲ့ကို တပြားမကျန်ပေးအပ်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

တော်လှန်ရေးအတွက် လက်နက်၊ ရိက္ခာလိုအပ်ချက်တွေလည်း မြင့်မားလာတာနဲ့အမျှ ရန်ပုံငွေရှာဖွေထောက်ပံ့မှုတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အမှန်တရားဘက်က ရပ်တည်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ မြေပေါ်မြေအောက်တော်လှန်ရေးအဖွဲ့တွေ အသီးသီးကပါ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တထောင့်တနေရာကနေ ထောက်ပံ့ပါဝင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024