တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံတည်ငြိမ်အေးချမ်းတဲ့ အချိန်အထိ အထူးနေထိုင်ခွင့်ဗီဇာ (G1-99) ဆက်ပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပြန်ဖို့ အခက်အခဲရှိတဲ့ မြန်မာနိုင်ငံသားတွေကို တောင်ကိုရီးယားအစိုးရက ၂၀၂၁ ခုနှစ် မတ်လကစပြီး G1-99 ဗီဇာ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဗီဇာကို တောင်ကိုရီးယားအစိုးရက သက်တမ်းဆက်လက်တိုးပေးမှာဖြစ်ပြီး ပတ်စ်ပို့သက်တမ်း ရှိခြင်း၊ မရှိခြင်းနဲ့ မဆိုင်ဘဲ ခံစားခွင့်ရရှိမှာဖြစ်တယ်လို့ အဲဒီနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောကြောင်း NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
အဲဒီလို ခွင့်ပြုလိုက်တာကြောင့် ပတ်စ်ပို့သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီသံရုံးထံ သွားရောက်သက်တမ်းတိုးစရာ မလိုဘဲ နေထိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်ရုံး တာဝန်ရှိသူတယောက်က ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီသံရုံးက စောင့်ကြည့်နေပြီး ပတ်စ်ပို့သက်တမ်းတိုးမရအောင် လုပ်ဆောင်နေချိန်မှာ အခုလို ကိုရီးယားအစိုးရရဲ့ ကူညီမှုက အထောက်အပံ့ ဖြစ်စေတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ကလည်း ပြောပါတယ်။
တောင်ကိုရီးယားအစိုးရဟာ G1-99 ဗီဇာကို မြန်မာနိုင်ငံသားတွေအတွက် ပထမဆုံး ခွင့်ပြုထုတ်ပေးတာဖြစ်ပြီး အခုဆိုရင် ယူကရိန်းနိုင်ငံသားတွေကိုပါ ထုတ်ပေးနေတယ်လို့ သိရပါတယ်။