ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ ခရိုင်တရားရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂိတ်စောင့်တဲ့ နေရာမှာ ဇူလိုင် ၁၁ ရက် မနက် ၉ နာရီလော်က ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား လေးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာဝန်ကျဂိတ်ထဲကို လက်ပစ်ဗုံး ပစ်ထည့်ခံခဲ့ရတာလို့ သိရပြီး ဒဏ်ရာပြင်းထန်သူ နှစ်ယောက်ကိုတော့ မိုးမိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မြို့ဒေသခံတဦးက ပြောပါတယ်။
"သူတို့ သဲအိတ်တွေကာနေတဲ့အချိန် ဗုံးပစ်သွားတာ။ ဗုံးလည်းထောင်ထားတာရှိတော့ ဗုံးပေါက်တာ အသံတော့ကျယ်တယ်။ လေးယောက်ထိတယ် ကြားတာ။ နှစ်ယောက်ကတော့ ဒဏ်ရာ ပြင်းတယ်တဲ့” လို့ မိုးမိတ်မြို့ဒေသခံတဦးက ပြောပါတယ်။
မြို့သစ်ရပ်ကွက်ခရိုင်တရားရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စာသင်ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေကို နေအိမ်ပြန်ခိုင်းတယ်လို့ ပြောပါတယ်။
ဇူလိုင် ၁ ရက်စပြီး မိုးမိတ်မြို့ကနေရာ တချို့မှာ ပစ်ခတ်သံတွေ ကြားနေရပြီး ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာလည်း စဥ့်ကင်စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရကာ စစ်သားတွေ ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသနေရတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။