ရှမ်းပြည်နယ်၊ မိုင်းလားမြို့က ဖျော်ဖြေရေးလုပ်ငန်းမှာ အတင်းအကျပ်ခိုင်းစေခံရတဲ့ ထိုင်းအမျိုးသမီး ၆ ယောက်ကို UWSA ‘ဝ’ တပ်ဖွဲ့ရဲ့ အကူအညီနဲ့ ထိုင်းဘက်ခြမ်းကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဇူလိုင် ၈ ရက်က ဖော်ပြပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အဲ့ဒီအမျိုးသမီး ၆ ယောက်ကို ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ ချင်းရိုင်းခရိုင် ချစ်ကြည်ရေးတံတားမှာ မြန်မာဘက်ခြမ်းနဲ့ ညှိနှိုင်းပြီး ပြန်လည်ခေါ်ယူခဲ့တာလို့ဆိုပါတယ်။
အဲ့ဒီ ထိုင်းအမျိုးသမီး ၆ ယောက်ဟာ အသက် ၃၃ နှစ်နဲ့ ၂၁ နှစ်ကြား အရွယ်တွေ ဖြစ်ပြီး နွန်ထပူရီ၊ ဆောင်ခလာ၊ အမ်နတ်ချရွန်၊ ဘန်ကောက်၊ ပထုံဌာဏီနဲ့ ခွန်ခရန် ဒေသတွေက ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ပြောပြချက်အရ ဘန်ကောက်ကနေ ချင်းရိုင်ကို ဘတ်စ်ကားနဲ့ ဇွန်လ ၂၈ ရက်နေ့က ခေါ်ဆောင်သွားခံရတာ ဖြစ်ပြီး တာချီလိတ်ဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
ထိုင်းအမျိုးသမီး ၆ ယောက်ကို အမျိုးသမီးတယောက်က မိုင်းလားမြို့က ဖျော်ဖြေရေးလုပ်ငန်းမှာ တလ ဘတ် ၆ သိန်းရတဲ့ အလုပ် လုပ်ရမယ်လို့ ကတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီအမျိုးသမီးက ဘယ်နိုင်ငံက ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။
လူကုန်ကူးခံခဲ့ရတဲ့ ထိုင်းအမျိုးသမီး ၆ ယောက်ဟာ ပြည်တန်ဆာအဖြစ် ခိုင်းစေခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကိုပြောပြခဲ့ပြီး ငြင်းဆိုခဲ့တာကြောင့် မိသားစုဝင်တွေဆီက ပိုက်ဆံပြန်ပေးမှ ပြန်ပို့ပေးမယ်လို့ လူကုန်ကူးသူတွေက ပြောဆိုခဲ့ပါတယ်။
တကယ်လို့ သူတို့ ၆ ယောက်ထဲက တယောက် ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင် ကျန်တဲ့သူတွေက သူ့အကြွေးကို ပြန်ဆပ်ကြရမယ်လို့လည်း လူကုန်ကူးသူတွေက ပြောဆိုကြောင်း ထိုင်းသတင်းမှာ ရေးသားထားပါတယ်။
အဲ့ဒီနောက် ထိုင်းအမျိုးသမီး ၆ ယောက်ဟာ ဆိုရှယ်မီဒီယာမှာ သူတို့ကို ကူညီဖို့ ပို့စ်တင်ပြီး အကူအညီတောင်းခံခဲ့ကြပါတယ်။ ထိုင်းအာဏာပိုင်တွေက အဲ့ဒီဗွီဒီယိုကို တွေ့ပြီး မြန်မာနိုင်ငံ ရန်ကုန်က ထိုင်းသံရုံးကို ဆက်သွယ်ပြီး မြန်မာဘက်အခြမ်းနဲ့ ချိတ်ဆက်ကာ ‘ဝ’ တပ်ဖွဲ့ဆီကနေ အကူအညီတောင်းခံခဲ့ကြပါတယ်။
‘ဝ’ တပ်ဖွဲ့က သူတို့ လွတ်မြောက်ရေးကို ကူညီခဲ့ပြီး ထိုင်းဘက်ခြမ်းကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အဲ့ဒီအမျိုးသမီးတွေရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆောင်ရွက်နေပြီး မေးမြန်းစုံစမ်းကာ စစ်ဆေးနေတယ်လို့ The Thaiger ထိုင်းသတင်းမှာ ပါရှိပါတယ်။
Ref: The Thaiger