မြန်မာနိုင်ငံ ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးခြင်းနဲ့ဖြေရှင်းကာ နိုင်ငံတည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်ရေးကို ရယူစေချင်ပြီး သွေးမြေကျမှုကို ရပ်စေချင်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ကာ မြန်မာနိုင်ငံရေးကို အစကပြန်ဆွေးနွေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့ ကိစ္စတွေ ရခိုင့်ဦးဆောင်ပါတီ(AFP )အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို တင်ပြခဲ့တယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ ရန်ကုန်မြို့မှာ ဇူလိုင် ၂ ရက်က နိုင်ငံရေးပါတီ ၇ ပါတီရဲ့ ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းတဲ့အခါမှာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းဟာ ရွေးကောက်ပွဲ နည်းလမ်းအပေါ်ယုံကြည်မှုရှိနေတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဒီဗွီဘီ သတင်းထောက် ကိုအောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
(မေးမြန်းချက် အပြည့်အစုံ)
မေး။ ဒေါက်တာအေးမောင်တို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့အခါမှာ အဓိက တင်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ အာဆီယံ အထူးကိုယ်စားလှယ်ဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေ ဘာတွေများ ပြောကြားခဲ့တာ ရှိပါသလဲ။
ဖြေ။ “လက်ရှိ ပဋိပက္ခကို တွေ့ဆုံဆွေးနွေးပြီး သူတို့ ဖြေရှင်းပါတယ်ဆိုတဲ့အချက်ရယ်၊ ပြဿနာဖြစ်တဲ့နေရာအထိကို လူသားချင်းကိုယ်ချင်းစာတဲ့ အထောက်အပံ့လေးတွေပေးဖို့ အာဏာပိုင်တွေက ခွင့်ပြုတယ်ဆိုတာ ပြောပါတယ်။ ၀ ဒသမ ၅ ယူအက်စ်ဒေါ်လာ ဘီလီယံ ရပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ အာဆီယံရဲ့နိုင်ငံတော်တော်များများကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအပေါ်မှာ အလေးအနက်ထားပါတယ်လို့လည်း ပြောပါတယ်။ အချက် ၅ ချက်ထဲမှာ မပါသော်လည်းပဲ လက်ရှိ အကျပ်အတည်းက ကျော်လွှားနိုင်တဲ့နည်းဟာ ရွေးကောက်ပွဲနည်းလမ်းပဲ ဆိုတာကို သူလက်ခံတယ်လို့လည်း ပြောပါတယ်။”
မေး။ ရခိုင့်ဦးဆောင်ပါတီဘက်က တင်ပြတဲ့ အချက်တွေကရော ဘာတွေများဖြစ်မလဲ။
ဖြေ။ “နိုင်ငံရဲ့ နာတာရှည် နိုင်ငံရေးပြဿနာကို စဉ်းစားမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြဿနာဖြစ်တယ်ဆိုတာကို သုံးသပ်ပေးဖို့ လိုအပ်တယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တခုရေးဖို့ ကျနော်တို့ဘက်က တင်ပြလိုတယ်။ ဒါမျိုးဖြစ်မှပဲ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ်။ အဲလို ဖွဲ့စည်းပုံအခြေခံဥပဒေကို စဉ်းစားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဏ္ဍကို ပြန်သုံးသပ်ဖို့လိုတယ်။ သူ့ရဲ့ကဏ္ဍ အရေးပါမှုကို အလေးအနက်ထားဖို့ လိုအပ်တယ်ဆိုရင် သူ့အပေါ်မှာ အထူးကိုယ်စားလှယ်ဘက်က ချဉ်းကပ်မှု လိုအပ်တယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြစ်နေတဲ့အခြေအနေ ဟိုဘက်ဒီဘက် သွေးမြေကျနေတဲ့ အခြေအနေကို ရပ်တန့်နိုင်လောက်တဲ့ အခြေအနေတခု ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း Moral Influence ရှိနိုင်တယ်။ အဲဒါကြောင့် တွေ့ဆုံပြီးမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်မှုကို အထူးသံတမန်ဘက်က ဆောင်ရွက်သင့်သလို SAC ဘက်ကို ချဉ်းကပ်ပြီးမှလည်းပဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြိုးစားဖို့ လိုအပ်တယ်။ ဒါမျိုးပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖွဲ့စည်းပုံကိစ္စ ၂ ချက် ပြောပါတယ်။”
မေး။ အထူးကိုယ်စားလှယ်ပြောသွားတဲ့ ရွေးကောက်ပွဲက SAC က လုပ်မယ့် ရွေးကောက်ပွဲကို ဆိုလိုတာလား။
ဖြေ။ “သူ ဒီမှာ တွေ့တယ်။ ဒုတိယအကြိမ်လာတယ်။ တွေ့တယ် ဆွေးနွေးတယ်ဆိုတဲ့အချက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းရဲ့ထွက်ပေါက်သည် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို သူ့ဘက်ကယုံကြည်လာတယ်။ ဒါ အာဆီယံက ပေးတာမဟုတ်ဘူး။ သူယုံကြည်လာတာ။ ဟုတ်ပြီ။ အဲဒီတော့ အဲဒီရွေးကောက်ပွဲသည် ၂၀၂၃ ကို ညွှန်းတယ်လို့ပဲ ကျနော် နားလည်ပါတယ်။”
မေး။ အဲဒီတော့ လက်ရှိအနေအထားအရရော ဒေါ်အောင်ဆန်းစုကြည်နဲ့ SAC နဲ့ တွေ့ဆုံဆွေးနွေးတာ ဖြစ်လာနိုင်တဲ့ အရိပ်လက္ခဏာတွေ့လား။
ဖြေ။ “ကျနော်ကတော့ ဖြစ်လာနိုင်တဲ့ဘက်ကို ပိုတွေးကြည့်တယ်ဗျ။ တမြန်နေ့ကလည်း မစ္စတာ ဝမ်ယိနဲ့တွေ့ခဲ့အခါမှာ ဦးဝဏ္ဏမောင်လွင်ကို Encourage (တိုက်တွန်းအားပေး) လုပ်တယ်လို့ကြားပါတယ်။ အတိုက်အခံနဲ့တွေ့ဖို့၊ အတိုက်အခံဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်းတာဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကို စိတ်ဆန္ဒတော့ ကျနော်လည်း မပြောတတ်ဘူးဗျ။ သူ့ရဲ့ခံယူချက်က ဘာလဲ။ အိမ်နီးနားချင်းနိုင်ငံတခုရဲ့ နိုင်ငံရေး မတည်ငြိမ်မှုကို တရုတ်ကလည်း သိပ်မလိုလားဘူး ဆိုတဲ့သဘော ဖြစ်တဲ့အခါမှာ၊ ကျနော်ထင်တယ် တွေ့ဆုံဆွေးနွေးမှုက ဖြစ်လာနိုင်တယ်။”
မေး။ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေးဆိုတဲ့ လမ်းကြောင်းကို သွားနေကြတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ သူရဲ့ ဆွေးနွေးမှုတွေ၊ ဒီဘက်က အင်အားစုတွေနဲ့ ဆွေးနွေးမှုတွေက ဘယ်လို ဖြစ်လာနိုင်လဲ။
ဖြေ။ “ကျနော်တို့က မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုစဉ်းစားတဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကြောင့် စစ်အာဏာရှင်စနစ်ကို ပြုတ်သွားအောင် ဖြုတ်ချနိုင်မှာလားဆိုတဲ့ သမိုင်းအရ ၇၅ နှစ်လောက် ဖြတ်သန်းပြီးပြီ။ သဘောပြောတာပါ။ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့ ပုဂ္ဂိုလ်တွေကို လက်မခံတာ မဟုတ်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့သူ အောင်မြင်အောင်လို့ ကြိုးစားကြတာပေါ့။ ကျနော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ စဉ်းစားတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးတဲ့အခါ အဖြေတခုခုရမှာပေါ့။ ကျနော်တို့ အားလုံးပါဝင်တဲ့ ညှိနှိုင်းမှု တခုခု လိုအပ်တယ်။ ဝမ်ယိလည်း အဲလိုမျိုး ပြောတယ်ထင်တာပဲ။ အတိုက်အခံ အင်အားစုဆိုတာ။ ကျနော်ထင်တယ်။ ကျန်တဲ့ လက်နက်ကိုင်တဲ့ ဥစ္စာရော နိုင်ငံရေးနည်းနဲ့ လှမ်းတဲ့ပုဂ္ဂိုလ်တွေရောဆိုရင် လက်ရှိအနေအထားမှာ လက်နက်ကိုင်တဲ့ ပုဂ္ဂိုလ်အင်အားစုအားလုံးပေါ့ဗျာ ပါဝင်ပြီးမှ ညှိနှိုင်းခြင်းသည် မြန်မာ့နိုင်ငံရေးကို ထွက်ပေါက်တခု ဖြစ်သွားနိုင်တာပေါ့။ အဲဒါမျိုးပဲ ကျနော်တို့ဘက်က တွေးကြည့်ပါတယ်။”
မေး။ အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးကို ယုံကြည်နေကြတာ ဒါဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တဲ့ အခြေအနေရော ရှိသလား။
ဖြေ။ “တခုနဲ့ တခုတော့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဗျ။ ဥပမာ ကျနော် ပြောမယ်။ ကျနော်တို့က အဖြူရောင်နယ်မြေဗျ။ ရခိုင်ပြည်နယ်ဆိုတာလေ။ အဲဒီကာလတုန်းက ပြည်မ နိုင်ငံရေး အင်အားစုတွေပေါ့ဗျာ။ နောက်လက်နက်ရှိတဲ့ ပုဂ္ဂိုလ်တွေက အလေးအနက် သိပ်မထားဘူးဗျ။ ရခိုင်အမျိုးသားတွေနဲ့ ပတ်သက်တဲ့ပြောတာ ဆိုတာ အားလုံးကိုလေ။ ဒါပေမဲ့ ရခိုင်ပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်း ဥပမာ ULA/AA အင်အားကြီးလာတဲ့အခါမှာ ကျန်တဲ့တိုင်းရင်းသား အားလုံးကလည်း လေးစားတယ်ဗျ။ ပြောနိုင် ဆိုနိုင်တဲ့ နေရာတခုကိုလည်း အလိုလိုရောက်လာတယ်။ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးများသည် သက်ဆိုင်ရာလူမျိုးစုတခုအတွက် အလွန်တရာ ကြီးမားတဲ့ အင်အားတခုကို ပေးတယ်ဗျ။ နိုင်ငံရေးအရ တောင်းတဲ့အခါမှာလေ။ တကယ်လို့ ULA/AA သည် မပေါ်ပေါက်ခဲ့ဘူးဆိုရင် ကျနော်တို့တောင်းနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဆိုတာ ဒီလောက်အထိ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေ အလေးအနက်ထားမှာ မဟုတ်ဘူး။”
“လက်နက်ကိုင်တော်လှန်ရေးသည် မလိုအပ်ဘူးလို့ ကျနော် မပြောဘူး။ အဲဒီလက်နက်ကိုင်တော်လှန်ရေးကြောင့် နိုင်ငံရေးအားဖြင့် တောင်းနေရတဲ့ ပြောနေရတဲ့ ပုဂ္ဂိုလ်တွေအတွက် အားတခုဖြစ်ခဲ့တယ် ဖြစ်စေတယ်ဗျ။ အဲဒါကိုတော့ ကျနော်လက်ခံတယ်။ ကိုယ်တွေ့ပဲ။ ဒါပေသိ အခုနက ပြောသလိုပေါ့။ သွေးမြေမကျတဲ့နည်းနဲ့ ဖြေရှင်းခြင်းသည် ၇၅ နှစ်လောက် မြန်မာ့လွတ်လပ်ရေးရပြီး ဘယ်လောက်ထိ ပေးခဲ့ကြပြီးပြီလဲ အသက်တွေ။ တန်းတူအခွင့်အရေးမရလို့။ ကချင်တို့ ကရင်တို့ ဗမာတို့ အညာသားတွေ အများကြီးပဲ အသက်ပေးခဲ့ကြပြီ။ ရခိုင်တို့။ ရှေ့ဆက်ပြီးတော့ သွေးမြေကျတာ မဖြစ်စေချင်တော့ဘူးပေါ့ဗျာ။ ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ မြန်မာ့နိုင်ငံရေး မြန်မာနိုင်ငံတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို ရယူကြစေချင်တယ်။ သွေးမြေကျမှုကို ရပ်စေချင်တယ်။”