အပူပိုင်းဒေသရဲ့ ထွက်ကုန်တွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ ပဲအမျိုးမျိုးတို့ကို တင်ဆောင်လာတဲ့ ရွာသားတွေရဲ့ ကားတွေက ခြောက်သွေ့တဲ့ နံနက်ခင်း နေအပူရှိန် မကျခင်မှာဘဲ မကွေးတိုင်းဒေသကြီးရဲ့ မြို့ကြီးက စျေးတွေဆီ အသီးသီးထွက်ခွာလာကြပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီလိုကားတွေ ဆိုက်ရောက်လာတယ်ဆိုရင်ပဲ စာရွက်စာတမ်းတွေ ကိုင်ဆောင်လာတဲ့ လူငယ်အမျိုးသား၊ အမျိုးသမီးတွေနဲ့ ပြည့်ကျပ်နေတာကို တွေ့ရပါတယ်။ သူတို့တွေကတော့ တခြားမဟုတ်ပါဘူး။ စားနပ်ရိက္ခာ၊ အလုပ်အကိုင်နဲ့ လုံခြုံမှု အကျပ်အတည်းကြောင့် တချိန်က မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးမြို့တော်ဖြစ်ခဲ့တဲ့ နေရာကနေ စွန့်ခွာတော့မယ့်သူတွေပါပဲ။
အချက်အချာကျဒေသတွင်း ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်ကပ်ဘေးနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဒေသတွင်းက အစုလိုက်အပြုံလိုက်သောလူငယ်တွေ နေရပ်စွန့်ခွာဖို့ အကြောင်းဖန်လာပါတော့တယ်။
မကွေးမြို့က ဒေသခံတွေအတွက် အခမဲ့ ထမင်းဘူးပရဟိတ လုပ်ကိုင်နေတဲ့ ကိုနေမိုးဆွေကျော်ရဲ့ ပြောပြချက်အရ ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ လူစုကြီးက မြို့ရဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ နေ့စဉ် တိုးဝှေ့တန်းစီနေတာ လွန်ခဲ့တဲ့ခြောက်လကျော်ကာလ၊ အိုမီခရွန်ရောဂါ ဖြစ်ပွားနေ့ကတည်းပါပဲ။
ဒီနေ့ခေတ်အချိန် အဲဒီကားတွေထဲက တချို့သောသူတွေက စင်ကာပူ၊ ဂျပန် စတဲ့နိုင်ငံတွေကို ပညာသင်သွားဖို့နဲ့ တချို့တွေကတော့ တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထွက်ခွာဖို့ ရည်ရွယ်ထားကြတာပါ။
“ကျနော်ကတော့ အဲဒီလူထုကြီးကိုကြည့်ပြီး ငယ်ဘဝက ဘုရားပွဲကိုတောင် သတိရမိတယ်” လို့ ကိုနေမိုးဆွေကျော်က ရွဲ့တဲ့တဲ့ဆိုလိုက်ပြီး “မကွေးမြို့က ပတ်စ်ပို့ရုံးမှာ နေ့စဉ်ရက်ဆက် လူတွေစည်ကားနေတာပါပဲ။”လို့ ပြောပါတယ်။
သီးနှံစိုက်ပျိုးမှုကို ထိခိုက်လာတဲ့ ရာသီဥတုရိုက်နှက်ချက်
မကွေးတိုင်းဒေသကြီးရဲ့ ခြောက်သွေ့ပူပြင်းတဲ့ နွေရာသီမှာ အလုပ်လုပ်ရင်း ကြီးပြင်းလာတဲ့ သူတွေအတွက် နေရာဒေသ ပြောင်းရွှေ့နေထိုင်ခြင်းက အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်က ပြောင်းရွှေ့နေထိုင်သူ ၇၂ ရာခိုင်နှုန်းက သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်လို့ ညွှန်းဆိုခဲ့ကြတာပါ။
တကယ်လည်း ဒေသတွင်း ရာသီဥတုက ပူသထက် ပူလာနေပါတယ်။ မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက စံချိန်တင် အပူချိန်တွေ ဖြစ်ပွားလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်က အဲဒီထဲက ၂၂ မြို့မှာ မှတ်တမ်းတင် အပူချိန် စံချိန်တင်မြင့်တက်လာသလို မကွေးတိုင်းဒေသကြီး မြစ်ကမ်းနံဘေးက ချောက်မြို့နယ်မှာဆိုရင် ကြောက်မက်ဖွယ်အပူချိန် ၄၇ ဒသမ ၅ ဆဲစီးယက်စ် (၁၁၇ ဒသမ ၅ ဖာရင်ဟိုက်) အထိ စံချိန်တင်ခဲ့ပါတယ်။
မကွေးတိုင်း သစ်ကြီးကျေးရွာမှာ နေထိုင်ခဲ့ဖူးတဲ့ မဇာခြည်လွင်က ၂၀၀၇ ခုနှစ်မှာ သူရဲ့မိသားစု မကြုံစဘူး သီးနှံပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုကြောင့် နှမ်းလိုမျိုး ဒေသထွက်သီးနှံပင်တောင် စိုက်ပျိုးဖို့ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျမတို့ရဲ့ အရင်က ၁၀၀ ရာခိုင်နှုန်းအထွက်ကောင်းခဲ့တဲ့ လယ်မြေက တဧကကို သီးနှံထွက်နှုန်း ၄၀ ကနေ ၆၀ ရာခိုင်နှုန်းထိ ကျသွားခဲ့တယ်” လို့ သူက ဒီဗွီဘီကို ပြောပါတယ်။
ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ ငွေကြေးမတတ်နိုင်ဘဲ အကြွေးထူလာတာကြောင့် သူ့မိသားစုရဲ့ ဘိုးဘွားပိုင်မြေတွေကို ကာလပေါက်စျေးရဲ့ တဝက်လောက်နဲ့ ရောင်းချခဲ့ပြီး စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့ကြီးကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမရဲ့မိဘတွေကတော့ အဲဒီအပြောင်းအရွှေ့ကြောင့် မျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အပူပိုင်းဒေသ နေထိုင်သူ ၆ ရာခိုင်နှုန်းလောက်ပဲ နိုင်ငံခြားကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်လို့ စစ်တမ်းတရပ်က ဆိုပါတယ်။ ဒါပေမဲ့ ရွာသားတွေရဲ့ တင်ပြချက်အရ လက်ရှိအချိန်မှာတော့ ဝင်ငွေနဲ့ ထွက်ပြေးဖို့ လမ်းကြောင်းလိုအပ်ချက်ကြောင့် အလုပ်လုပ်ကိုင်နိုင်သေးတဲ့ အသက်အရွယ်ပမာဏ တော်တော်များများကို ပြည်ပမှာ သွားရောက်လုပ်ကိုင်ဖို့ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
သီးနှံဆုံးရှုံးမှုတွေ အပါအဝင် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ ကုန်သွယ်ရေး ပြိုလဲမှုတွေက မဇာခြည်လွင်လိုမျိုး အကြွေးတင်နေတဲ့ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုဖြစ်ရပ်တွေ အစပျိုးလာခဲ့ပါပြီ။
သူရဲ့ပြောပြချက်အရ သူနေထိုင်ခဲ့တဲ့ ရွာက လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်က ထိုင်းနိုင်ငံကို ပြောင်းရွှေ့ခဲ့သလို အဲဒီထဲက ၁၀ ယောက်က မဲဆောက်မှာရှိနေတယ်လို့ သိရပါတယ်။ အဲဒီလို ထွက်ခွာသွားသူတွေက အဓိက အသက် ၂၀ ကနေ ၃၅ နှစ်အရွယ်တွေ ဖြစ်ကြပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းကြောင့် ဖြစ်ပါတယ်။
“ရွာမှာက အလုပ်မလုပ်နိုင်တဲ့ အသက်ကြီးတဲ့သူတွေပဲ ကျန်ခဲ့တော့တာလေ။ ဆိုတော့ သီးနှံထွက်နှုန်းက ထက်ဝက်လောက် လျော့သွားတာပေါ့။ အဲ့ဒါကြောင့် ကုန်စည်စျေးနှုန်းတွေ အရမ်းဖောင်းပွလာခဲ့တယ်။ ပြီးတော့ စစ်တပ်အာဏာသိမ်းလိုက်တော့ အဲဒီအခြေအနေတွေက ပိုဆိုးသွားရော။ ကျမဆို ဟင်းချက်ဖို့ဆီတောင် ဝယ်ဖို့ မတတ်နိုင်ခဲ့ဘူး” လို့ မဇာခြည်လွင်က ဆိုပါတယ်။
မြေယာပျက်စီးစေမှု
မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းတို့ရဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မကွေးတိုင်းဒေသကြီးက ပြည်သူတွေဟာ စစ်အစိုးရကို ပထမဦးဆုံး တော်လှန်အာခံခဲ့တဲ့သူတွေထဲမှာ အပါအဝင်ပါ။ ဒါကြောင့် စစ်ကောင်စီတပ်တွေရဲ့ အထူးပစ်မှတ်ထားခံရပြီး သွေးစွန်းစေတဲ့ မြေလှန်လှုပ်ရှားမှုတွေဖြစ်တဲ့ ရွာလုံးကျွတ် မီးရှို့ခံရတာ၊ မုဒိမ်းကျင့်၊ လူသတ်တာတွေအပြင် ထောင်ပေါင်းများစွာသော အရပ်သားတွေကို မတရား ဖမ်းဆီးချုပ်နှောင်တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လက်ရှိအချိန်အထိ ဖြစ်ပွားနေတာပါ။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း လွန်ခဲ့တဲ့ ၁၆ လအတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှု ထောင်ပေါင်းများစွာကို မှတ်တမ်းတင်ခဲ့ပါတယ်။
မေလမှာတော့ UN လူသားချင်းစာနာထောက်ထားမှု အေဂျင်စီ OCHA က ဖေဖော်ဝါရီ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် မကွေးတိုင်းက လူဦးရေ လေးသန်းနီးပါးထဲက ၅၅,၀၀၀ ဝန်းကျင်လောက်က သူတို့ရဲ့နေထိုင်ရာအိမ်နဲ့ လယ်ယာတွေကနေ အတင်းအကျပ် စွန့်ခွာခဲ့ရတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ၃၃၆,၀၀၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံ ဗမာလူမျိုးအများစုနေထိုင်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်ကကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဒဏ်ကို ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ကြုံတွေ့ရခြင်း ဖြစ်ပါတယ်။
ဘန်ကောက်မြို့ရှိ ချူလာလောင်ကန်းတက္ကသိုလ်မှ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ပါမောက္ခ နာရူမွန်သဘက်ချမ်ပွန်က လက်ရှိအချိန် ထိုင်းနိုင်ငံမှာ အပူပိုင်းဒေသတွင်းက ပြောင်းရွှေ့နေထိုင်သူ အရေအတွက် အမှန်ကို အတည်ပြုဖို့ နောက်ထပ်သုတေသနတွေ လိုအပ်နေသေးပေမဲ့ အဲဒီလို ရွှေ့ပြောင်းရခြင်းက ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ ပဋိပက္ခ အပါအဝင် ဒေသတွင်း အဓိကရုဏ်းတွေက အဓိကကျတဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
“ရာသီဥတုအကျပ်အတည်းက လူတွေရဲ့ဘဝတွေအပေါ် ထိခိုက်စေတယ်။ ဒါက အပူပိုင်းဒေသက လူတွေအတွက် အသေအချာပါပဲ” လို့ ထိုင်းပညာရှင်က ဆိုပါတယ်။
မရေရာတဲ့ အနာဂတ်တွေ
တချို့ တိုင်းပြည်တွင်း ကျန်ခဲ့တဲ့သူတွေကတော့ ဒီလို အစုလိုက်အပြုံလိုက် တိုင်းပြည်စွန့်ခွာမှုတွေက သူတို့မိသားစုတွေအတွက် ဘယ်လိုအကျိုးသက်ရောက်စေမလဲ ဆိုတာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမြောက်ပိုင်း ရေနံချောင်းမြို့က နှင်းဆီနီရဲ့ ယာတောက တိုင်းဒေသကြီးရဲ့ နာမည်ကျော်ကြားတဲ့ ပဲပုပ်နဲ့ နှမ်းဆီတို့ကို မျိုးဆက်အလိုက် ထုတ်လုပ်ပေးခဲ့ဖူးပါတယ်။
“ကျမအစ်မဝမ်းကွဲမိသားစုဆိုရင် မြို့ပေါ်ကို အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြောင်းခဲ့ရတယ်။ အပူချိန်များတော့ မြေဆီလွှာခြောက်ခန်းတာ၊ ခန့်မှန်းမနိုင်တဲ့ ရာသီဥတုပြောင်းလဲတာ၊ သီးနှံရိတ်သိမ်းနှုန်း ကျဆင်းလာတာနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် သူတို့မိသားစု ကိုယ်ပိုင်ယာတောက သီးနှံထွက်နှုန်း ၂၀၀၅ ခုနှစ်ကတည်းက ၃၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းခဲ့တယ်။ သူတို့မိသားစုထဲက တချို့ဆို ရန်ကုန်ကို ပြောင်းသွားတယ်။ တချို့ကျတော့ မြစ်ကြီးနား (ကချင်ပြည်နယ်၏မြို့တော် မြန်မာ-တရုတ်နယ်စပ်) နဲ့ ထိုင်းနိုင်ငံကို ပြောင်းသွားကြတယ်လေ” လို့ သူက ပြောပါတယ်။
အပူပိုင်းဒေသတွင်း လယ်ယာစိုက်ပျိုးသူတွေက အက်ကွဲကြောင်းထနေတဲ့ မြေတွေထဲမှာ လုပ်ကိုင်လေ့ရှိပေမဲ့ သီးနှံစျေးနှုန်းတွေ မြင့်တက်လာမှုနဲ့ လူမရှိတဲ့ ရွာအလွတ်တွေက သူနဲ့ သူ့လူမျိုးစု အနာဂတ်အပေါ် ဘယ်လိုပုံစံတွေ သက်ရောက်လာမလဲဆိုတာ စိုးရိမ်မိတယ်လို့ ကိုနေမိုးဆွေကျော်က ဆိုပါတယ်။
“တရိပ်ရိပ်တက်နေတဲ့ ကုန်စျေးနှုန်းနဲ့ စက်သုံးဆီစျေးနှုန်းတွေကြောင့် လူတွေနဲ့ အသေးစားလုပ်ငန်းတွေ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ ပြီးတော့ သူတို့ရဲ့ ဘဏ္ဍာရေး အကျိုးစီးပွားတွေ ဆုံးရှုံးလာကြတယ်။ ဒီလိုအခြေအနေမျိုးတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင် လူတွေ မယုံနိုင်လောက်တဲ့ အခက်အခဲတွေ ထပ်ကြုံရလိမ့်ဦးမယ်။ အဲဒီအခြေအနေကို ကျနော် မတွေးတောင် မတွေးရဲဘူး။ ဒီစစ်အာဏာသိမ်းတာကြီး ကြာရှည်နေသရွေ့ အခြေအနေတွေက အားလုံးအတွက် အဆိုးဆုံးဖြစ်လာမှာ အသေအချာပဲ” လို့ သူက ပြောပါတယ်။
ကီရာနာဒွန်ကန်