အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်ထဲက နယ်စပ်ခြံစည်းရိုးဆောက်လုပ်တဲ့ လုပ်ငန်းတွေကို ရပ်တန့်ထားပေးဖို့ မဏိပူရပြည်နယ်အစိုးရက အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကို တောင်းဆိုထားတယ်လို့ အိန္ဒိယသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
မဏိပူရပြည်နယ်ရဲ့ ပြည်ထဲရေးအထူးဝန်ကြီးကနေ အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဆီကို ပေးပို့လိုက်တဲ့စာမှာ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနိုက်တက်မဏိပူရကော်မတီ (UCM) က ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ကန့်ကွက်ခဲ့ပြီး နယ်စပ်တစ်လျှောက် အကြီးအကျယ်ဆန္ဒပြခဲ့ကြတာကြောင့် နယ်စပ်ခြံစည်းရိုးခတ်လုပ်ငန်း ရပ်တန့်သင့်တယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ အပတ်ထဲမှာ နယ်စပ်ခြံစည်းရိုးတိုင်နံပါတ် ၇၉ ကနေ ၈၁ ကြား မိုရေးကနေ ကွာထာရွာအထိ ၁၀ ကီလိုမီတာအရှည်ရှိတဲ့ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ မဏိပူရပြည်နယ် အစိုးရက ပြောပါတယ်။
တကယ်တမ်းမှာတော့ အဲဒီဒေသရဲ့ နယ်စပ်ကနေ တရားမဝင်ကုန်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေမှောင်ခိုတင်ပို့နေတဲ့ ပမာဏဟာ နှစ်စဉ် အိန္ဒိယရူပီး ကုဋေ တသောင်းအထက်မှာ ရှိတယ်လို့ သိရပါတယ်။
ယူနိုက်တက်မဏိပူရကော်မတီဟာ ဆန္ဒပြဆူပူမှုတွေကို မဏိပူရပြည်နယ်အနှံ့မှာ ဆောင်ရွက်သွားဖို့ရှိပြီး အသေခံ အဖျက်သမားတွေကိုပါ အသုံးချသွားမယ်လို့ ကြေညာခဲ့ကြောင်း ပြည်နယ်ဝန်ကြီးရဲ့ စာမှာဖော်ပြထားပါတယ်။
ဆက်လက်ပြီး အတိုက်အခံတွေက နယ်စပ်ခြံစည်းရိုးဆောက်လုပ်တဲ့ လုပ်ငန်းတွေကို ဆန့်ကျင်နေကြတာကြောင့် ပြည်နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးလည်း လျော့ကျသွားနိုင်ကြောင်းနဲ့ အငြင်းပွားဆန္ဒပြမှုတွေဖြစ်ပေါ်နေတဲ့ နေရာတွေမှာ နယ်စပ်ခြံစည်းရိုးမဏ္ဍိုင်တွေ အခိုင်အခန့် ဆောက်လုပ်တာကို အတိုက်အခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးချိန်အထိ နယ်စပ်လမ်းအဖွဲ့ရဲ့ လုပ်ငန်းတွေကို ရပ်နားထားဖို့ ဝန်ကြီးဌာနက စဉ်းစားပေးစေလိုကြောင်း ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အငြင်းပွားမှုဖြစ်ပေါ်ရာနေရာတွေက ခြံစည်းရိုးတိုင်တွေရဲ့ နေရာတွေကို စစ်ဆေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနမှ အဖွဲ့နဲ့အတူ မြေတိုင်းအဖွဲ့ကိုလည်း စေလွှတ်စေလိုကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အဲဒီစာကြောင့် နယ်စပ်လမ်းအဖွဲ့က ဆောက်လုပ်ပြီးခဲ့တဲ့ နယ်စပ်ခြံစည်းရိုးတစ်လျှောက်မှာ စခန်းချခဲ့တဲ့ လုံခြုံရေးစစ်စခန်းတွေအပေါ်မှာ ဂယက်ရိုက်နေတယ်လို့ အိန္ဒိယ The Week သတင်းမှာ ရေးသားဖော်ပြထားပါတယ်။