NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PRA( မကွေး)က တာဝန်ရှိသူတွေ ဇွန် ၁၉ ရက်မှာ Online ကနေ တွေ့ဆုံပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသတွေကို နယ်မြေစိုးမိုးမှုရရှိရေး ပူးပေါင်းဆောင်ရွက်မယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA (မကွေး) ရဲ့ စစ်ရေးဆိုင်ရာ တာဝန်ခံ ဗိုလ်ဟာကျူလီက ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၂၀၂၂ ခု ဇန်နဝါရီလလောက်ကနေ ကျနော်တို့နဲ့တွေ့ဖို့ ပြောထားတာရှိပါတယ်။ ကျနော်တို့ဘက်က ရပ်တည်ချက်ကြေညာစာတန်း မပြီးသေးတာရယ်၊ စစ်ရေးကိစ္စတွေ အာရုံစိုက်နေရတာတွေ၊ ဆက်သွယ်ရေးအခြေအနေ မကောင်းတာတွေကြောင့် မနေ့က ဇွန်လ ၁၉ ရက်နေ့ ညပိုင်းမှာ ဆက်သွယ်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။”
NUG လက်အောက်မှာရှိတဲ့ ပ.က.ဖ အဖွဲ့တွေ၊ PDF အဖွဲ့တွေနဲ့ PRA (မကွေး) တို့ ပူးပေါင်းဆောင်ရွက်ပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသတွေကို နယ်မြေစိုးမိုးရေးအတွက် ဘယ်လိုလက်တွဲဆောင်ရွက်မယ်ဆိုတာကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဗိုလ်ဟာကျူလီက ပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့က NUG/MOD ရဲ့ တိုက်ရိုက်ကွက်ကဲမှုအောက်ကနေ မသွားဘူးဆိုပေမယ့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ပဋိညာဥ် အခန်း ၁ မှာပါတဲ့ အချက်လက်တွေကို လမ်းပြမြေပုံအဖြစ် အသုံးပြုထားပြီး NUG ကိုလည်း တော်လှန်ရေး ဦးဆောင်အစိုးရတရပ်အနေနဲ့ အသိမှတ်ပြုပြီး သူတို့ရဲ့ ဦးဆောင်မှုတွေကိုလည်း ခံယူမယ်။ ကျနော်တို့က အဖွဲ့ငယ်လေး ဖြစ်တဲ့အတွက် ရန်ပုံငွေရရှိမှုနည်းပါးလို့ ရိက္ခာနဲ့ လက်နက်ထောက်ပံ့ပေးဖို့ တောင်းဆိုရာမှာတော့ ဝန်ကြီးက ရိက္ခာအတွက် ချက်ချင်းထောက်ပံ့ပေးပြီး လက်နက်အတွက်ကတော့ ဖြည်းဖြည်းချင်းကူညီမယ်ဆိုပြီး ပြန်ဖြေတယ်။”
PRA (မကွေး) အနေနဲ့ မကွေးတိုင်းဒေသကြီး လွတ်မြောက်ဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ကြိုးပမ်းဆောင်ရွက်နေပြီး အရည်သွေးပြည့်တဲ့ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကိုလည်း လေ့ကျင့်မွေးထုတ်ပေးနေတယ်လို့ ဆိုပါတယ်။