စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွာမွန်ရွာကို စစ်ကောင်စီတပ်က ဇွန် ၁၀ ရက်ကနေ ဒီနေ့ ဇွန် ၁၇ ရက်နေ့အထိ တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံ ၃,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အဲဒီ ထွက်ပြေးနေရတဲ့ ရွာမွန်ရွာဟာ အိမ်ခြေ ၇၀၀ နီးပါးလောက်ရှိတယ်လို့ ဆိုပါတယ်။
ရွာမွန်ရွာ ဒေသခံတဦးက “ထွက်ပြေးနေရတာ ၈ ရက်ရှိပြီ။ ရွာထဲလည်း ပြန်မဝင်ရဲသေးဘူး။ စစ်ကောင်စီလာတိုင်း ဒေသခံတွေက ဘာလို့ထွက်ပြေးနေကြတာလဲဆိုတော့ သူတို့က အပြစ်မဲ့ရွာသားတွေကို သာမန်လူတွေလို မမြင်တော့ဘူး။ တွေ့ရင် သတ်တယ်။ ဒါမှမဟုတ်ရင် ဖမ်းပြီး သူတို့အတွက် ကတုတ်ကျင်းတွေ တူးခိုင်းတယ်၊ သဲအိတ်တွေ ထမ်းခိုင်းတယ်။ အဓိကတော့ သူတို့က ပြည်သူကို ပြည်သူလိုမမြင်တော့ အကုန်ကြောက်ပြီး ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ မောင်းထောင်ရွာက အပြစ်မဲ့ဒေသခံ ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။
အခုလည်း ရွာမွန်ရွာမှာ စခန်းချနေပြီး ဇွန် ၁၆ ရက် ညနေပိုင်းက နေအိမ် ၁၆ လုံးကို မီးရှို့ခဲ့ကြသလို ဒီနေ့ ဇွန် ၁၇ ရက်မှာလည်း ဒေသခံတွေရဲ့ နေအိမ်တွေကို ဒုတိယအကြိမ် ထပ်မံမီးရှို့နေတယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ရွာမွန်ရွာကို မီးရှို့ပြီး အိမ်ခြေအများပြား မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ မီးလောင်ဆုံးရှုံးသွားတဲ့ အိမ်အရေအတွက်ကို သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
ဘုတလင်ပြည်သူ့ကာကွယ်ရေး ဒုံးပျံအဖွဲ့ တာဝန်ရှိသူက “အခုလို ကျနော်တို့မြို့နယ်က ဒေသခံတွေကို ပစ်သတ်တာတွေ၊ နေအိမ်တွေ မီးရှို့နေတာဟာ ဒါ အကြောင်းမဲ့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဒေါသကို ဆွပေးနေတာ။ အဲလိုလုပ်မှ ကျနော်တို့အဖွဲ့တွေက စိတ်တိုပြီး သူတို့ကို လာတိုက်အောင်လို့ စစ်နည်းဗျူဟာ သုံးနေတာပါ။ သူတို့ သတ်တဲ့သူတွေ၊ မီးရှို့တဲ့အိမ်တွေဟာ ဒေသခံ အပြစ်မဲ့အိမ်တွေဆိုတာ ဒီကောင်တွေ ကောင်းကောင်းသိတယ်။ စစ်ရေးအရ ဗျူဟာလုပ်နေတာ။ ဘာပဲဖြစ်နေဖြစ်နေ ကျနော်တို့ဒေသခံကို လုပ်တာဟာ ကျနော်တို့ကိုလုပ်တာနဲ့ အတူတူပဲ။ ကျနော်တို့ ဒုံးပျံအဖွဲ့အနေနဲ့ သတိကြီးကြီးထားပြီး ဒီ(-)တွေကို လက်တုံ့ပြန်တာတွေ လုပ်ဆောင်မယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာမွန်ရွာကို စစ်အင်အား ၁၀၀ ကျော်နဲ့ ဒီနေ့အထိ တပ်ဆွဲထားပြီး ကူတော်ရွာ၊ မောင်းထောင်ရွာ၊ ရွာမွန်ရွာ၊ လယ်တီေကျးရွာက ဒေသခံပြည်သူ ၅၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေခံရွာသားတွေက ပြောပါတယ်။