ဧရာဝတီတိုင်း၊ ဇလွန်မြို့မရဲစခန်းက ဒုရဲအုပ်တဦးနဲ့ ရဲတပ်သားတဦးက ဇွန်လ ၁၁ ရက်နေ့ညပိုင်းက သေနတ်တွေနဲ့ထွက်ပြေးသွားပြီး ၅ ရက်ကြာတဲ့အထိ ဖမ်းမမိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
မြို့မရဲစခန်းမှာ တာဝန်မှူးတာဝန်ကျတဲ့ တွဲဘက်တာဝန်မှူးနဲ့ ကင်းကျတဲ့ တပ်သား တဦးတို့ဟာ ညပိုင်းမှာ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးသွားတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်ပိုင်းမှ သိရတာ သိတော့ ချက်ခြင်းလိုက်ပြီး ပိတ်ဆို့ရှာဖွေတာတွေလုပ်တာပေါ့။ ဒါပေမယ့် ဒီနေ့ ညနေပိုင်းထိ မမိသေးဘူး၊ တိုင်းရင်းသားဒေသဘက် ရောက်သွားပြီထင်တယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ ရဲအရာရှိ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကို ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး ဇလွန်၊ ဟင်္သာတ၊ ဓနုဖြူနဲ့ ကျုံပျော်မြို့ဘက်ကိုသွားတဲ့ ကားလမ်းတွေမှာ ပိတ်ဆို့ရှာဖွေတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ CDM ပြုလုပ်တဲ့ရဲဝန်ထမ်း နည်းပါးခဲ့ပေမယ့် ခွင့်မဲ့ပျက်ကွက်တဲ့ ရဲဝန်ထမ်း ရာနဲ့ချီရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။