ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးလုပ်ငန်းရှင်က ငွေလှူဒါန်းခဲ့တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီစွပ်စွဲထားတဲ့ အဂတိမှုတွေကို ဇွန် ၁၄ ရက် ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိအမှု ၃/၂၀၂၂ နဲ့ ၄/၂၀၂၂ တို့အတွက် စစ်ကောင်စီကတင်သွင်းထားတဲ့ တရားလိုပြသက်သေ စီးပွားရေးလုပ်ငန်းရှင် ဦးရှောက်စန်းကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
"ဒီနေ့သက်သေတွေစစ်တာ။ မောင်ဝိတ်အလှူနဲ့ပတ်သက်တဲ့ ၃/၂၀၂၂ ရယ် ၄/၂၀၂၂ ရယ် သက်သေ နှစ်ယောက်စစ်တယ်။ ထွက်တာက မောင်ဝိတ်ရဲ့ဒရိုင်ဘာတစ်ယောက် သူကဘာမှမသိပါဘူး။ ပြီးတော့ ဦးရှောက်စန်းကိုစစ်တယ်။ အတိုင်ပင်ခံကျန်းမာရေးကောင်းပါတယ်။ ကျန်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှုတွေကို ပြန်ခေါ်သက်သေစစ်တယ်။ နေပြည်တော်စည်ပင်ဌာနက လူတွေကိုစစ်တာပါ။"လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားခဲ့တယ်ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့တရားစွဲဆိုထားတာပါ။
ပြီးခဲ့တဲ့ ဇွန် ၇ ရက် ရုံးချိန်းတုန်းကလည်း ၃/၂၀၂၂အမှုအတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကိုစစ်ဆေးခဲ့ပြီး သူဟာ ဦးမောင်ဝိတ် အလှူငွေပေးအပ်ချိန်မှာရှိနေခဲ့တဲ့အတွက် လိုပြသက်သေအဖြစ်တင်သွင်းခံခဲ့ရတာပါ။
နောက်ပြီး မောင်ဝိတ်ကသူလှူချိန်မှာ တခြားသောစီးပွါးရေးလုပ်ငန်းရှင်တချို့လည်းရှိခဲ့တယ်လို့ ပြောဆိုထားတာရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိ ၂ မှုမှာ အဓိကတရားလိုပြသက်သေဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေ ၃၁ ရက်က ထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က ကန်တော့ခဲ့ပါတယ်။