ရန်ကုန်မြို့ရှိ သပိတ်မှောက်ခံထားရတဲ့ မြန်မာပလာဇာမှာ ဇွန်ပထမအပတ်လောက်ကစပြီး ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ အနည်းငယ်ရှိလာသလို ပရိုမိုးရှင်းပွဲတွေရှိတဲ့အခါ လာရောက်သူ ပိုမိုများပြားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ဈေးဝယ်သူတွေနဲ့ လာရောက်လည်ပတ်သူတွေ များပြားလာတာဖြစ်ပြီး ရုံးဖွင့်ရက်တွေမှာတော့ လာရောက်သူနည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က မြန်မာပလာဇာရဲ့ လုံခြုံရေးတွေက ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေပြလုပ်ခဲ့တဲ့ အချိန်ကစပြီး ဒီနေ့အထိ ပြည်သူအများစုက သပိတ်မှောက်ကာ မြန်မာပလာဇာကို မသွားရောက်ပဲနေခဲ့ကြတာ အချိန်ကာလအားဖြင့် ၇ လ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။
သပိတ်မှောက်စဥ်ကာလက မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအများအပြား ပိတ်သိမ်းခဲ့ကြပေမဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် တချို့ဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ဆိုင်ခန်းတချို့ကတော့ အပြီးပိတ်သိမ်းသွားခဲ့တာပါ။
ဒါပေမဲ့ အခုအခါ မြန်မာပလာဇာအတွင်းမှာရှိတဲ့ ဆိုင်ခန်းတွေအားလုံးနီးပါးပြန်လည်ဖွင့်လှစ်ထားပြီး မြန်မာပလာဇာဘက်ကလည်း ပြည်သူတွေလာရောက်လည်ပတ်စေဖို့ ပရိုမိုးရှင်းပွဲအမျိုးမျိုးနဲ့ အခမ်းအနားအမျိုးကို ပြုလုပ်ပြီး ပြန်လည်စည်ကားအောင်လုပ်ဆောင်နေပါတယ်။