မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် က.ပ.စ ၂၂ အပါအဝင် ကျေးရွာ ၄ ရွာမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေအနေနဲ့ ၁၅ ရက်အတွင်း လက်နက်ချ အလင်းဝင်ကြဖို့ YDF-ပေါက်နဲ့ SPDF တို့က ဇွန် ၁၀ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ပျူစောထီးရွာတွေဖြစ်တဲ့ ဒီးဒုတ်ကွင်း၊ ရွာသစ်၊တပ်ကုန်းနဲ့ သစ်ချိုကုန်းရွာတွေကို အရင်ဆုံးတိုက်ခိုက်သွာမှာဖြစ်သလို က.ပ.စ (၂၂) ကိုလည်း နည်းလမ်းမျိုးစုံသုံးပြီးတိုက်ခိုက်ခြေမှုန်းသွားမှာဖြစ်လို့ လက်နက်ချ အလင်းဝင်ကြဖို့ ၁၅ ရက်အချိန်ပေးထားတယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ပြောပါတယ်။
“စစ်(...)တွေဟာ ပျူ(....)အားလုံးကို တစ်တောင့်ထိုး သေနတ်တွေနဲ့ မောင်ပြန်သေနတ်တွေတ ပ်ဆင်ပေးထားတယ်ဗျ။ လက်နက်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေကြတယ်။”
YDF-ပေါက်ရဲ့ ခေါင်းဆောင် ဗိုလ်နားပေါက်ကတော့ "ဒီးဒုတ်ကွင်း၊ တပ်ကုန်း၊ ရွာသစ်နဲ့ သစ်ချိုကုန်းရွာက ပျူ(...)တွေဟာ ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်တယ်။ ရွာမှာရှိတဲ့ ပြည်သူတွေကို ကင်းတွေစောင့်ခိုင်းတယ်။ အဆင်မပြေရင်ရိုက်ပုတ်တာတွေ လုပ်နေတယ်လို့ သိရတော့ ကျနော်တို့အနေနဲ့ အကြာကြီးထားလို့ အဆင်မပြေတော့ဘူး။ ၁၅ ရက်အတွင်းမှာ လက်နက်ချအလင်းဝင်ကြဖို့ သတိပေးထားတာ”လို့ ပြောပါတယ်။
ပြည်သူ့ဘက်တော်သားတွေအနေနဲ့ ၁၅ ရက်အတွင်း ဘေးလွတ်ရာကို အမြန်ဆုံးရှောင်ကြဖို့နဲ့ တကယ်လို့ မရှောင်ခဲ့ဘဲ ပစ်ခတ်ရှင်းလင်းတာတွေလုပ်ခဲ့လို့ လူမှားသွားခဲ့ရင်တာဝန်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
YDF-ပေါက်၊ SPGF တို့အနေနဲ့ ကိုင်းလယ်ရဲစခန်းကို ဇွန် ၇ ရက်မနက်ပိုင်းက ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲ ၄ ယောက်သေဆုံးကာ တစ်ယောက် ခြေထောက်ဖြတ်လိုက်ရပါတယ်။