Home
မြန်မာသတင်း
ပြည်တွင်းဈေးကွက်တွင် မြေပဲဆန်ဈေးနှုန်း မြင့်တက်လာ
DVB
·
June 5, 2022
520489-463900-KaNi-730x365-2-730x365

မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ  မြေပဲဆန်ဈေးနှုန်း မြင့်တက်နေပြီး တလအတွင်းမှာ  မြေပဲဆန် တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ကျော်လောက်အထိ မြင့်တက်နေတယ်လို့ မန္တလေးပဲကုန်သည်တွေထံက သိရပါတယ်။

မြေပဲဆန်အဖြူဆန်ဈေးနှုန်းဟာ မေ ၁၀ ရက်က  တစ်ပိဿာကို ငွေကျပ် ၃၆၀၀ လောက်ရှိခဲ့ပြီး ဇွန်လ ၃ ရက် ပေါက်ဈေးအရ တစ်ပိဿာကို ငွေကျပ် ၄၁၀၀ အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

မန္တလေး ပဲကုန်သည်တစ်ဦးက“မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ လက်ရှိအခြေအနေအရ မြေပဲဆန်ဈေးတွေ တအားထိုးတက်နေပါတယ်။ အဖြူဆန်ဈေးတွေက ပိုတက်နေတယ်။ အနီရွေးကျ အခြမ်းသီးသန့်ကိုတော့ တစ်ပိဿာကို ကျပ် ၃၃၅၀ ဈေးနဲ့အရောင်းအဝယ် ဖြစ်သွားတယ်။ အဖြူလုံးဆန်တွေက တစ်ပိဿာကို ပဲရဲ့အရည်အသွေးပေါ် မူတည်ပြီး ကျပ် ၄၀၀၀၊ ၄၁၀၀၊ ၄၁၅၀ လောက်အထိအရောင်းအဝယ် ဖြစ်နေတယ်။ ဒီတိုင်းဆက်သွားမယ်ဆိုရင် မြေပဲအဖြူလုံးဆန် အသစ် ထိပ်စဈေးက တစ်ပိဿာကို ကျပ် ၅၀၀၀ လောက်အထိ ရောက်မသွားဘူးလို့ မပြောနိုင်ဘူး ရောက်သွားနိုင်တယ်။ ဒီကြားထဲဈေးကွက်ရဲ့ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတစ်စုံတစ်ရာ မရှိခဲ့ဘူး ဆိုရင်ပေ့ါ”လို့  ပြောပါတယ်။

ဇွန် ၃ ရက်နေ့ မန္တလေးကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးကတော့ မြေပဲလုံးဆန် တစ်ပိဿာကို ငွေကျပ် ၃၉၀၀ ကျပ်ရှိနေပြီး တရုတ်နိုင်ငံက ကုန်သည်တွေက အဝယ်လိုက်နေတာကြောင့် အမြင့်ဈေးဖြစ်နေတာလို့ မန္တလေးမြို့ပဲကုန်သည်တယောက်က ပြောပါတယ်။ 

’’မေလကုန်ပိုင်းလောက်မှာ တက်ဈေးနဲ့ ဈေးတန့်နေတယ်။ ထပ်ပြီးတော့လည်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ မြေပဲဆန် အဖြူရောအနီရောပါ ဈေးတန့်သွားတယ်လို့ ဆိုရမှာပါ။ လက်ရှိကတော့ တရုတ်အဝယ်လိုက်နေတယ်။ ဒီထက်တက်ဖို့တော့မြင်တယ်။ ဈေးကိုင်ထားနိုင်ရင်တော့တက်မှာပေါ့။ ကိုယ့်ပစ္စည်းကောင်းတယ်ဆိုရင်ပေါ့လေ။ ကျပ် ၅၀၀၀ လောက်အထိရောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။’’

မြေပဲအဖြူဆန်ဈေးနှုန်းဟာ အနီဆန်ထက် ဈေးကောင်းနေပြီး ပြည်တွင်းစားသုံးမှုလည်းများတာကြောင့် မြေပဲဆန်ဈေးနှုန်းမြင့်တက်တာဟာ မြေပဲဆီဈေးနှုန်းပါ မြင့်တက်စေနိုင်လို့  ပြည်သူတွေ အခက်အခဲပိုမိုဖြစ်နိုင်တယ်လို့ ဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။ 

မန္တလေးဈေးကွက်ပေါက်ဈေးအရ ပဲဆီတစ်ပိဿာကို ငွေကျပ် ၈၀၀၀ နဲ့ ၈၅၀၀ ကြားမှာရှိနေပြီး ပဲဖတ်တစ်ပိဿာကို ကျပ် ၁၉၅၀ ပေါက်ဈေးရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024