Home
မြန်မာသတင်း
မူတြော်ကောလိပ်တွင် ကျောင်းသား/ သူ ၁၂၁ ဦးကျော်တက်ရောက် ပညာသင်ကြားမည်
DVB
·
June 4, 2022
285482353_1100879604105645_1488387618633311004_n

ကေအန်ယူ တပ်မဟာ ၅ ၊ ဖာပွန်(မူတြော်)ခရိုင်မှာရှိတဲ့ မူတြော်ကောလိပ်ကျောင်း(Mutraw Junior College)မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသား ၁၂၁ ယောက်  တက်ရောက်ပညာသင်ကြားသွားဖို့ရှိတယ်လို့ ကျောင်းတာဝန်ရှိသူထံက သိရပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၁၂၁ ဦးကို ဘာသာရပ်အလိုက် ဆရာ ၅ ဦးနဲ့ ဆရာမ ၅ ဦးက သင်ကြားပေးသွားမှာဖြစ်သလို ကျောင်းအကျိုးအတွက် ကျောင်းကော်မတီ ၂၈ ဦးကိုပါ ဖွဲ့စည်းထားပါတယ်။

ဇွန် ၃ ရက်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားနဲ့ ရိုးရာဝတ်ပြုဆုတောင်းပွဲ၊ ခေါင်းဆောင်ကြီးတွေရဲ့  ဩဝါဒခံယူပွဲ၊ ကျောင်းကော်မတီရဲ့ တစ်နှစ်စာ ကျောင်းလည်ပတ်မှုအစည်အဝေးတွေကို ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် ပညာသင်နှစ်အတွင်း  ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ကြားချိန်ကာလအတွင်း စစ်ကောင်စီရဲ့ မြေပြင်နဲ့  ဝေဟင်ကနေ တိုက်ခိုက်မှု အန္တရာယ်တွေကို ကြိုတင်ရှောင်ရှားရမယ့် အသေးစိတ်စီမံချက်တွေကို  ဆွေးနွေးချမှတ်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ နယ်မြေကျူးကျော် တိုက်ပွဲတွေနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျောင်အဆောက်အအုံတွေ ထိမှန်ပျက်စီးတာတွေရှိခဲ့တဲ့အတွက် ကျောင်းသားကျောင်းသူတွေရဲ့အသက်အန္တရာယ်ကို မိဘတွေက  စိုးရိမ်နေကြရပါတယ်။

ကျောင်းသားမိဘတစ်ဦးက”ကလေးတွေက စာသင်ကျောင်းမှာ ကောင်းကောင်းမွန်မွန်စာသင်ရရင် ပိုအဆင်ပြေတာပေါ့။ တိုက်ပွဲဖြစ်ရင် အားလုံးသိကြတဲ့အတိုင်း အထူးသဖြင့် လေကြောင်းပေါ့။ ကလေးတွေ ကျောင်းမတက်ရဘူး။ ပညာမသင်ရဘူး။ အချိန်တွေ အလကားကုန်တယ်။ ကလေးတွေအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရတယ်”လို့ ဆိုပါတယ်။

မူတြော်ကောလိပ်ကျောင်းဟာ ဂုဏ်သတင်းကျော်ကြားပြီး ကောလိပ်ကျောင်းမှာ တက်ရောက်သင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဘာသာရပ်အလိုက် စိတ်အားထက်သန်မှုအပေါ်မူတည်ပြီး ကြိုးစားသင်ယူတတ်မြောက်အောင်မြင်နိုင်မယ့် အခြေခံပညာရေးလမ်းစတစ်ခုအနေနဲ့ ဖွင့်လှစ်ထားတာပါ။

ကေအန်ယူ ထိန်းချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေယာဉ်ကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ၇၀,၀၀၀ ကျော်ဟာ ဒီကနေ့အထိ စစ်ဘေးရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024