ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်အတွင်းက အမ်အန်ဒီအေအေနဲ့ ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ နေရာကို စစ်ကောင်စီတပ်က မေ ၃၁ ရက်နဲ့ ဇွန် ၁ ရက်နေ့တွေမှာ စစ်ကြောင်းထိုး တိုက်ခိုက်တာကို ဟန့်တားနိုင်ခဲ့တယ်လို့ အမ်အန်ဒီအေအေ တာဝန်ရှိသူတဦးက ပြောပါတယ်။
အမ်အန်ဒီအေအေနဲ့ ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့တို့ တပ်ထိုင်ထားတဲ့နေရာကို ထိုးစစ်ဆင်ဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တွေက တာမုန်းပေါ်ဒေသမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုမှာ အမ်အန်ဒီအေအေနဲ့ ကေအိုင်အေတပ်ဖွဲ့တွေ နှစ်ဖွဲ့လုံးပါဝင်ပြီး မေ ၃၁ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီး တနာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဇွန် ၁ ရက်နေ့မှာတော့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ မုံးကိုးခရိုင်ထဲက နမ်မူတံတားနားမှာ ဖြစ်ပွားခဲ့ပါတယ်။
နှစ်ရက်တာဖြစ်တဲ့ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်တဲ့အတွက် ကျဆုံးထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
မုံးကိုးဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုပေါ်မူတည်ပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ အမ်အန်ဒီအေအေတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မုံးကိုးခရိုင်အတွင်းမှာ အမ်အန်ဒီအေအေ တပ်မဟာ ၅၁၁ အောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကေအိုင်အေ တပ်မဟာ ၆ လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။