မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်လေးဟာ ဟိုးအရင် စစ်အာဏာမသိမ်းမီက နှစ်ပေါင်းများစွာ ငြိမ်းချမ်းသာယာစွာ ပြည်သူတွေ ရောင်းဝယ်ဖောက်ကား နေထိုင်ခဲ့ကြတဲ့ မြို့လေး ဖြစ်ပါတယ်။
ရေစကြိုမြို့လေးကတော့ ရှင်မတောင် တောင်ခြေမှာ တည်ရှိသလို တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ ဆုံရာကြားမှာ တည်ရှိတာဖြစ်ပြီး ထန်းလျက်နဲ့ သနပ်ခါးအဓိက ထွက်ရှိတဲ့ မြို့နယ်လေးအဖြစ် လူသိများပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းလိုက်ချိန်မှာတော့ ကြမ္မာဂြိုဟ်ဆိုး စတင်ဝင်ရောက်လာပြီး ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် ကျေးရွာသူ ကျေးရွာသားတွေကိုပါ ထင်ရာစိုင်း ပစ်ခတ်သတ်ဖြတ်မှုတွေကိုပါ ဒေသခံပြည်သူတွေ ခါးစည်း ရင်ဆိုင်လာရပါတယ်။
အထူးသဖြင့် ရေစကြိုမြို့နယ်အတွင်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိတဲ့ ရေလယ်ကျွန်းဒေသက ကျေးရွာလူနေအိမ်တွေကို စစ်ကောင်စီတပ်က ဧပြီလနဲ့ မေလအတွင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင်တွေအနေနဲ့ တောထဲမှာ ဖြစ်သလို မြေကြီးပေါ်မှာ အိပ်နေရသလို စားစရာဆိုတာ နတ္ထိမရှိ နေစရာ ဆိုသည်မှာလည်း မရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာ တော်တော်များများကို စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးတဲ့အပြင် စစ်ကောင်စီတပ်တွေကလည်း နေအိမ်ထဲက အဖိုးတန်ပစ္စည်းတွေကို ခိုးဝှက် လုယူဆောင်သွားတာကြောင့် အသက်မသေရုံသာ ကျန်ရှိကြတော့တယ်လို့ ကျေးရွာဒေသခံ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
မီးဘေးသင့် ကျေးရွာပြည်သူတွေအတွက် အစားအစာနဲ့ နေထိုင်ရေးမှာ အဓိက ခက်ခဲနေတယ်လည်း ဒေသခံတွေထံကသိရပါတယ်။
အဝတ်အစားနဲ့ စားစရာအနည်းငယ်ကို မီးဘေးလွတ်တဲ့ နေအိမ်တွေက အနည်းငယ်လှူဒါန်းမှုနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ကြွယ်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူတယောက်က ပြောပါတယ်။
“အဓိက ကတော့ အခုလို စစ်ဘေးရှောင်နေရချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကတော့ ပိုမိုခက်ခဲနေတယ်လို့ပြောရမှာပါ။ တချို့လည်း နို့တိုက်ကလေးတွေနဲ့ ထွက်ပြေးကြရတာတွေလည်း ရှိနေတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေလည်း ပါဝင်နေပါတယ်။”
အခုလို စစ်တပ်က အကြောင်းမဲ့ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာဟာ ပြည်သူတွေ အငတ်ဘေးဆိုက်အောင် ပြုမူတာလို့ မြင်တယ်လို့ နေအိမ်ကိုမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကြွယ်ကုန်းကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ ကြွယ်ကုန်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက “ရွာကပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ကျတော့ ကစဉ့်ကလျားနဲ့ နေရေးထိုင်ရေးကအစ အကုန် ကမောက်ကမတွေ ဖြစ်နေပါတယ်။ ရပ်ရွာက လှူဒါန်းတဲ့ဟာလေးတွေကို မျှတစားနေရပါတယ်။ အဝတ်အစားကလည်း မီးဘေးလွတ်တဲ့သူတွေရဲ့ လှူဒါန်းမှုနဲ့ ဝတ်နေရပါတယ်။ တခြားဒေသ တခြားအရပ်တွေက လာလှူတာတော့ မရှိပါဘူး။ ရပ်ရွာက လှူဒါန်းမှုပဲ ရှိပါတယ်။ အခုအချိန်မှာ မိုးရာသီဖြစ်တဲ့အတွက် နေစရာ အမိုးအကာ အစားအသောက် ဆေးဝါးလိုအပ်ပါတယ်။ နေရပ်ကို သူတို့လာရင် မနေထိုင်ရဲပါဘူး။ သူတို့လာရင် ပတ်ပြီး ပြေးနေရပါတယ်။ စစ်တပ်ရဲ့ ဒီလိုလုပ်ရက်အပေါ်မှာတော့ ကျမတို့ သာမန်ပြည်သူတွေ အငတ်ဘေးဆိုက်အောင် လုပ်နေတယ်လို့ မြင်ပါတယ်။ လက်ရှိမှာ မီးရှို့ခံထားရတာကြောင့် အမိုးအကာတွေ မရှိတဲ့အတွက် ဖြစ်သလို မီးလောင်ပြီးသားသွပ်တွေနဲ့ ဖြစ်သလိုဆောက်ပြီးတော့ နေနေရပါတယ်”လို့ ပြောပါတယ်။
ဒေသခံစစ်ဘေးရှောင်တွေဟာ စားသောက်ဖို့အတွက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံရပြီး အစပိုင်းမှာ လာရောက်လှူဒါန်းသူ အနည်းငယ်ရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးသလို ထောက်ပံ့လှူဒါန်းသူလည်းမရှိသလောက် နည်းပါးလာတာကြောင့် ဆွေမျိုးသားချင်းတွေဆီက တောင်းယူ စားသောက်နေရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နေအိမ်ကို မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ တောင်ကုန်းကျေးရွာက အမျိုးသမီးတစ်ဦးက “ဆွေမျိုးသားချင်းတွေ အိမ်မှာ ကပ်နေရတာပေါ့။ လက်ရှိတော့ စားဝတ်နေရေး ဆွေမျိုးသားချင်းတွေက ဟိုက ဆန်လေးတွေပေး။ ဒီက ဆန်လေးတွေပေးနဲ့ စားသောက်နေရတာပေါ့။ အဝတ်အစားကလည်း ကိုယ့်အိမ်ကပါတာနည်းနည်းလေးနဲ့ ဘေးက ထောက်ပံ့တာပဲ ယူနေရတာပါ။ လာရောက်လှူဒါန်းသူတွေတော့ အစောကရှိပါတယ်။ အခုလောလောဆယ်တော့ မရှိပါဘူး။ နေရေးထိုင်ရေး အဆင်ပြေမယ့် အကူအညီပဲ လိုအပ်နေတာပါ။ စစ်တပ်က အပြစ်မရှိတဲ့ပြည်သူတွေရဲ့ အိမ်တွေကို မီးတွေရှို့တာ အဲဒီစိတ်ဓာတ်ကို မကြိုက်ပါဘူး။ ပြီးတော့ သူတို့က ဘာမှအကြောင်းမရှိဘဲ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခခံနေရတဲ့ ပြည်သူတွေရဲ့ အိမ်တွေကို လိုက်မီးရှို့နေတာတွေမလိုလားပါဘူး”လို့ပြောပါတယ်။
ဆွေမျိုးနီးစပ်သူတွေဆီက ထောက်ပံ့မှု ရယူစားသောက်နေရသူတွေ ရှိသလို ဆွေမျိုးသားချင်းတွေဆီကနေ ထောက်ပံ့မှုမရပဲ ငတ်ပြတ်နေကြရတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါသေးတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်က ရေလယ်ကျွန်းဒေသကို စတင်ဝင်ရောက်လာပြီး ကျေးရွာလူနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ကျေးရွာပေါင်း ၇ ရွာက လူနေအိမ် ၁၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ မသန်စွမ်းသူ တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
မေလထဲမှာလည်း စစ်ကောင်စီတပ်ဟာ ကျေးရွာပေါင်း ၁၈ ရွာလောက်ရှိ လူနေအိမ် ၂၀၀ လောက်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းသွားရာ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ပြည်သူပိုင်ပစ္စည်းတွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူကြပြီး အိမ်ကြီးအိမ်ကောင်းတွေကို အဓိကထား မီးရှို့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျေးရွာအတွင်း ဝင်ရောက်မီးရှို့တဲ့အချိန်မှာ အသက်လုထွက်ပြေးကြရပြီး မိမိနေအိမ်ကိုပြန်လာ ကြည့်ချိန်မှာတော့ မွေးထားတဲ့နွားတွေ မရှိတော့သလို နေအိမ်ကိုလည်း ပြာပုံအဖြစ်သာ တွေ့လိုက်ရလို့ ရူးသွပ်လောက်အောင် ခံစားခဲ့ရပုံတွေကို ဒေသခံပြည်သူတွေက ပြောပြကြပါတယ်။
ဖြုံဖူးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက “အဲဒီတုန်းကဆိုရင် မပဋာမြေလူးလိုပဲ လူးလှိမ့်ပြီးတော့ တရွာလုံး အိမ်ထောင်စုတိုင်းပဲ အငိုအရယ်တွေနဲ့ ခံစားခဲ့ရတာ။ အိမ်ခြေ ၅၇ လုံး မီးရှို့ခံရတာ။ ရွာကို တော်လှန်ရေးပြီးမှပဲ ပြန်နေရတော့မယ်။ အမြဲတမ်းပြေးနေရတာ။ ပြေးလွှားရတဲ့ ပုံစံကတော့ အဝတ်တထည်ကိုယ်တခုနဲ့ တောထဲ တောင်ထဲကို အားချင်းထွက်ပြေးခဲ့ရတာ အသက်လွတ်မြောက်အောင်လို့” လို့ ထွက်ပြေးခဲ့ရပုံကို ပြောပါတယ်။
ရေလယ်ကျွန်းဒေသက ဒေသခံအမျိုးသမီးတစ်ဦးကလည်း ကျေးရွာမီးရှို့ခံရစဉ်က ခံစားခဲ့ရပုံကို အခုလိုပြောပြပါတယ်။
“ရွာမီးရှို့ခံရတော့ မီးရှို့တာတွေကြည့်ပြီးတော့ အလူးအလှိမ့်ခံစားပြီးနေနေရတာ အခုဆိုကျမတို့မှာ နွားစာကမရှိ ဘာမှမရှိ နွားနှစ်ကောင်ကလည်း ချီထားခဲ့ရတာ။ အဲဒီတုန်းကဆိုရင် နွား နှစ်ကောင်ကလည်း သေသလား မသိ၊ ရှင်သလား မသိနဲ့ ငိုလိုက်ရတာ တရွှဲရွှဲနဲ့ မယ်ပဋာမြေလူးလိုပဲ။ ပြန်လာတော့လည်း ထိုင်စရာမရှိ ပြုစရာမရှိနဲ့ ဒီတိုင်းပြာပုံကြီးပုံပေါ်မှာ မြင်ကွင်းကြီးကို ရင်နာလို့မဆုံးဘူး။ သူတို့ခွေးတွေဆင်းမှ အေးအေးချမ်းချမ်းနဲ့ နေရမယ်ထင်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဝင်လာရင် စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို နောက်ကနေ ပစ်ခတ် သတ်ဖြတ်တာ။ မသန်စွမ်းသူတွေကို ပြေးခိုင်းပြီး သေနတ်နဲ့ပစ်သတ်တာတွေနဲ့ ဒေသခံအမျိုးသားတချို့ကို ရိုက်နှက်သတ်ဖြတ်တာ။ ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်တာတွေ ကိုပြုလုပ်လေ့ရှိပြီး ကျေးရွာတွေကိုလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပြကြပါတယ်။
ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ကြတဲ့အချိန်မှာ အသက်မသေအောင် ထွက်ပြေးကြရပြီး ထွက်ပြေးနေရင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပုံကို ဖြုံဖူးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်မြ (အမည်လွှဲ)က ပြောပြပါတယ်။
“ပြေးတာ လှည်းနဲ့ပြေးတာ။ လှည်းနဲ့ကလည်း ချိုင့်မှန်းမသိ၊ ကျင်းမှန်းမသိ၊ မောင်းချ၊ လှည်းတွေက ကလန်ကဆန်ဖြစ်၊ လူတွေက ကလန်ကဆန်ဖြစ်နဲ့၊ ကလေးတွေလည်းပါ၊ ဗြောင်းဆန်လို့၊ လူတွေမှာ စိတ်တွေမောပြီးတော့ အဲလိုရင်ဆိုင်ခဲ့ရတာပါ။ ချောက်မှန်းမသိ ကျင်းမှန်းမသိနဲ့ ပြေးရလွှားရတာ စိုးရိမ်ပြီးတော့ သူတို့က နောက်ကလက်နက်ကြီးတွေနဲ့ထု ဘာတွေနဲ့ထုနဲ့။”
ရေလယ်ကျွန်းဒေသဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဒေသ ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေက အခုလို ရွာမီးရှို့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် နှိက်စက်တာတွေ ပြုလုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောပြပါတယ်။
စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း လက်နက်အင်အားကောင်းကောင်း မရှိတာကြောင့် ပြည်သူတွေကို မကူညီနိုင်ဘူးဖြစ်နေတယ်လို့ ရေလယ်ကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“PDF တပ်တွေကတော့ သူတို့လည်း လက်နက်အင်အားမရှိတော့ ဘာမှမကူညီနိုင်တော့ လက်နက်အကောင်း အများအပြားချပေးရင်တော့ သူတို့လည်းနိုင်မှာပါ။ ဒီ (-) တွေကို နိုင်အောင် နိုင်ငံတကာက လက်နက်ကောင်းတွေနဲ့ချပေးနိုင်အောင် ပြည်သူတွေကတောင်း ဆိုချင်ပါတယ်။”
လက်ရှိ မိုးဦးကာလ စစ်ကောင်စီတပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs ဒေသတွေကို နယ်မြေစိုးမိုးရေး မချဲ့ထွင်နိုင်တာကြောင့် မြေပြန့်ဒေသတွေကို နယ်မြေစိုးမိုးထိန်းချုပ်နိုင်အောင် အပြင်းအထန် ကြိုးစားနေပြီး PDFတွေအပေါ် ထောက်ပို့လုပ်ငန်း နှောင့်နှေးစေဖို့ ရွာစဉ်အလိုက် မီးရှို့နေတာကြောင့် ဒေသခံ PDF တွေ LDFတွေအနေနဲ့ ပြောက်ကျားစစ်ဆင်နွှဲရာမှာလည်း အားနည်းလာနေပါတယ်။
ဒါ့အပြင် စစ်ရေးအရ ဦးဆောင်အမိန့်ပေးနိုင်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ စစ်ရေးခေါင်းဆောင် လုံးဝ မရှိတာကြောင့် စစ်ရေးခေါင်းဆောင်တစ်ဦး အရေးပေါ်လိုအပ်နေလျက်ရှိတယ်လို့လည်း PDF တပ်တွေဆီက သိရပါတယ်။
ဒါကြောင့် EAOs လွတ်မြောက်နယ်မြေအတွင်းရောက်နေတဲ့ CDM စစ်တပ်အရာရှိတွေထဲက ဖြစ်စေ၊ EAOs အရာရှိတွေထဲကဖြစ်စေ မြေပြန့်ဒေသ တိုက်ပွဲတွေကို ဦးဆောင်အမိန့်ပေးနိုင်တဲ့ ခေါင်းဆောင်တယောက် MOD အနေနဲ့ အရေးပေါ်ဆောင်ရွက်ပေးစေလိုကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက မေ ၂၂ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။
အခုလက်ရှိအခြေနေမှာတော့ ရေလယ်ကျွန်းဒေသတွေအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး နေ့စဉ်နဲ့အမျှ ကျေးရွာတွေ မီးရှို့ခံရတာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေလည်း ကြုံတွေ့နေကြရပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလတွေအတွင်း တိုင်းရင်းသားဒေသက ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာ ဖြတ် ၄ ဖြတ်လို့ခေါ်တဲ့ ရိက္ခာ၊ လူသစ်စုဆောင်းမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဖြတ်တောက်မှုတွေကို ခေတ်အဆက်ဆက် အစိုးရတွေက လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
အခုစစ်အာဏာသိမ်းတဲ့အခါမှာလည်း စစ်ကောင်စီတပ်တွေက သူတို့ရဲ့ ရန်သူလို့ သတ်မှတ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေမစိုက်နိုင်အောင် ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဖြတ်တောက်ပိတ်ဆို့တာကို ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပထမဆုံး လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစတင်တဲ့ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်းမှာ မေလ ၂၆ ရက်အထိ ၁၈၆၆ ဦး ရှိခဲ့ပြီလို့ AAPP ကထုတ်ပြန်ထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် မြန်မာနိုင်ငံတဝန်း နေရာပေါင်း ၂၉၆ နေရာမှာ ပျက်စီးသွားတဲ့ ပြည်သူလူထုရဲ့ နေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိကြောင်း Data for Myanmar အဖွဲ့ကနေသိရပါတယ်။
ဒီအထဲမှာအများစုက စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းက နေအိမ် အလုံးပေါင်း ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်ကာ မကွေးတိုင်းက နေအိမ် ၂၁၀၀ ကျော်ဖျက်ဆီးခံရကာ ဒုတိယ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ ပြည်သူပိုင်နေအိမ်တွေ အခုလို မီးလောင်ပျက်စီးဆုံး ရှုံးရတာဟာ သူတို့ရဲ့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့သလို စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရတာတွေနဲ့ ပတ်သက်လို့လည်း တကြိမ် တခါမှ တာဝန်ယူ တာဝန်ခံမှုလည်း မရှိပါဘူး။
ကာကာ