Home
ဆောင်းပါး
ကြိမ်လို ကွေးညွှတ် တိမ်လို ရွေ့လျား
DVB
·
May 29, 2022
Myat

၁။ ကြိမ်လို ကျင့်သူ

သူတို့ ကိုယ့်ကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။ ဒါပေမဲ့ အခန်းလေးတခန်းထဲမှာ ထည့်ထားခဲ့တယ်။ လူချောလူလှ ၁၆ နှစ်သားလေး အရွယ်ရောက်တဲ့ အချိန်လောက်အထိပေါ့။ ကိုယ်တယောက်တည်း အခန်းငယ်တခန်းထဲမှာ စကားပြောဖော်မရှိ၊ စာမရေးရ၊ စာမဖတ်ရဘဲ နေရတာ ကြာလာတဲ့အခါ ကိုယ့်ဘာသာ ဘာလိုလို့ လိုနေမှန်းကို မသိတော့သလို ဖြစ်လာတယ်။

ဒီလိုနေရင်းနဲ့ ဆယ်နှစ်လောက်ကြာလာတော့ နေရာအသစ်တခုကို ပြောင်းဖို့ကြုံလာတယ်။ အဲဒီနေရာကို သွားတဲ့လမ်းမှာ အသံသဲ့သဲ့လေးတသံ..... ဟာ ဒါ ကလေးငိုသံပဲ...... ကြည့်စမ်း... ငါ ဒီလိုအသံမျိုးတွေ မကြားရတာ ဆယ်နှစ်လောက်တောင် ကြာခဲ့ပြီရော ဆိုတဲ့အသိ ဖျတ်ခနဲ ဝင်လာတယ်။ တလောကလုံးနဲ့ ကိုယ့်ကို အဆက်ဖြတ်ထားခဲ့တာပဲ။

ဒီကာလရှည်ကြီးကို တနေ့ချင်း ကိုယ်ကျော်ဖြတ်ခဲ့တယ်။ ဒီလိုကျော်ဖြတ်နိုင်အောင် ကိုယ့်ကို အဓိက အထောက်အပံ့ပေးခဲ့တဲ့ အကြောင်းတရား သုံးခုရှိတယ်။ ပထမတခုက ဗုဒ္ဓရဲ့ တရား “ဓမ္မ” ပေါ့။ ပြီးတော့ ကိုယ်ကျင့်တဲ့တရားနဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ် ယုံကြည်မှုပေါ့။ နောက်ဆုံး တခုကတော့ ဘယ်လိုအခက်အခဲပဲကြုံကြုံ ရယ်ပွဲဖွဲ့နိုင်တဲ့ ပေါ့ပါးတဲ့စိတ်တခုပေါ့။

ပြီးတော့ ကိုယ်က ကြိမ်လိုကျင့်တယ်။ ကိုယ့်စိတ်ဓာတ်ကို ချိုးဖဲ့ချင်တဲ့သူတွေ ချိုးဖဲ့လို့မရအောင် ကြိမ်လို ပျော့ပြောင်းပြ၊ ကွေးညွှတ်ပြနဲ့ ကြိမ်လိုကျင့်ခဲ့တယ်။ ဘယ်သူမှ ကိုယ့်ကို မချိုးဖဲ့နိုင်ခဲ့ဘူး။

ပထမ ၂ နှစ်လောက်အထိတော့ ကိုယ့်စိတ်အာရုံတွေကို စုစည်းလို့မရခဲ့ဘူး။ တဖြည်းဖြည်း ကြာလာတဲ့အခါကျမှ ကိုယ့်အဇ္ဈတ္တကို ကိုယ်ပြန်ရှုမှတ်လို့ရတဲ့နည်းကို သိလာတယ်။ အဲဒီနည်းနဲ့ ကိုယ် ဧကစာကျင့်နိုင်ခဲ့တာပေါ့။ ဂူအောင်းတဲ့ ခင်ကြီးဖျော်လိုပဲ နောက်ထပ် ၁၈ နှစ်လောက် ကိုယ် ဧကစာကျင့်ဖြစ်ခဲ့တယ်။

ကြမ်းပြင်ပေါ်မှာထိုင်ရင်း ကိုယ့်မျက်လုံးတွေကို မှိတ်ထားတယ်။ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းတယ် ခေါ်မလား၊ တရားထိုင်တယ်လို့ ဆိုမလား၊ ဒီလိုလည်း ကိုယ်မဆိုချင်ပါဘူး။ တယောက်ယောက် ကိုယ့်နားက ဖြတ်သွားရင် ကိုယ့်ကို တရားကျင့်နေတယ်ဆိုပြီး အထင်ကြီးချင် ကြီးသွားမှာပေါ့။ တကယ်က ကိုယ်အာရုံတွေကို စုစည်းနေတာ။ ကိုယ့်စိတ်ထဲမှာ သီချင်းတွေရေးနေတာ၊ အက်ဆေးတွေ၊ ကဗျာတွေ၊ ဝတ္ထုတွေ ရေးနေတာ။ ကိုယ့်မှာ ခဲတံတိုလေးတချောင်းတောင် မရှိခဲ့ပေမဲ့ ကိုယ့်ဘာသာ စပ်ထားတဲ့ သီချင်းတွေကို စိတ်ထဲကနေ လိုက်ညည်း၊ ရေးထားတဲ့ ကဗျာတွေကို အထပ်ထပ်ရွတ်ဖတ်၊ အက်ဆေးတွေ ဝတ္ထုတွေကို အထပ်ထပ်ဖတ်ကြည့် ပြင်လိုက် ဖျက်လိုက်နဲ့ စိတ်ထဲမှာ တပုံကြီး ရေးဖြစ်ခဲ့တယ်။ ဘယ်သူမှ လာဖျက်လို့မရအောင် အလွတ်ရနေခဲ့တဲ့ စာသားတွေပေါ့။

တခါတလေ မနေနိုင်မထိုင်နိုင် သတင်းစာဖတ်ချင်လာတဲ့အခါမှာတော့ ဆေးလိပ်အစီခံမှာ ပတ်ထားတဲ့ သတင်းစာစက္ကူလေးတွေကို ဖြည်ပြီး အာသာပြေဖတ်ဖြစ်တယ်။ တယောက်ယောက်က ကိုယ့်ကို နေကောင်းလားလို့ လာမေးတဲ့အခါ “ငါမရူးသေးဘူး” လို့ ပြန်ဖြေဖြစ်တယ်။

တနေ့တော့ ထူးဆန်းတဲ့အကြည့်တွေနဲ့ ကိုယ့်ကို မရူးသေးဘူးလားလို့ ခဏခဏ လာလာကြည့်နေကျ လူတယောက် ကိုယ်နဲ့ အခန်းနီးချင်းဖြစ်လာတယ်။ သူ့မယ်တော့ ရူးမတတ်ဖြစ်လို့ ... ခွေခေါက်လို့၊ တချိန်က လူတွေအပေါ် သူဆက်ဆံနေကျအတိုင်း သူ့အပေါ် တုံ့ပြန်ဆက်ဆံခံရတဲ့အခါမှာ သူ အကြီးအကျယ် တုန်လှုပ်နေခဲ့တယ်။ သူပြုတဲ့ကံ သူ့ဆီ တန်းတန်းမတ်မတ် ပြန်လာတဲ့အခါ သူ့မှာ ခံနိုင်ရည်မရှိခဲ့ရှာဘူး။

ဒီအခန်းလေးထဲ ကိုယ့်ကို သူထည့်ခဲ့တုန်းကလည်း ကိုယ်ဒေါသမထွက်ခဲ့ဘူး။ ကိုယ့်ဘေးနားက အခန်းတခန်းထဲ သူရောက်လာတော့လည်း ကိုယ်ဝမ်းမသာခဲ့ပါဘူး။ တတ်နိုင်သမျှ ကိုယ် သူ့ကို ဖေးမတယ်၊ ကူညီတယ်၊ ဒါပေမဲ့ သူ့မှာ တရားဓမ္မမရှိခဲ့တော့ ခိုလှုံရာလည်း ရှာမတွေ့ခဲ့ဘူး။ တကယ်တမ်း ကိုယ်တို့အားလုံးကို စီရင်နေတာက လောကဓမ္မပဲဆိုတာ သူသိပုံမရခဲ့ဘူး။

ဆယ်စုနှစ် ၂ ခုလောက်ကြာလို့ အခန်းကျဉ်းလေးထဲက ကိုယ်ထွက်ရတဲ့အခါ ကိုယ့်အခန်းနီးချင်းလည်း အတူတူ ထွက်ခွင့်ရခဲ့တယ်။ ကိုယ်ကတော့ ကောင်းကောင်းမွန်မွန်ပဲ သူ့ကို နှုတ်ဆက်ခဲ့ပါတယ်။ သူကတော့ ဝမ်းနည်းမှုတွေ နောင်တ တရားတွေ အပြည့်နဲ့ နေရာမှာ ရပ်ကျန်ခဲ့ရှာရဲ့။

၂။ တိမ်လိုလွင့်သူ

အခန်းကျဉ်းထဲကနေ အပြင်ကိုထွက်လာတဲ့အခါ ကျွက်ကျွက်ညံနေတဲ့ အသံတွေကို ကိုယ်စကြားရပြီပေါ့။ စူးရှတဲ့နေရောင်ဝါဝါ တိမ်ပြာပြာတွေ၊ နှစ်ကာလများစွာ ကိုယ်လွမ်းဆွတ်ခဲ့ရတဲ့ လူသားချင်း အထိအတွေ့တွေ၊ အပျော်တွေ အပြုံးတွေ၊ ပန်းရနံ့တွေ၊ ကလေးငိုသံတွေ လူကြီးရှိုက်သံတွေ၊ အထွေထွေအပြားပြား၊ ကြိမ်လိုကျင့်ခဲ့လို့ နှစ်ကာလ တစုံတရာကို ကျော်ဖြတ်နိုင်ခဲ့တဲ့အခါ တိမ်တွေလို သွားလိုရာ ရွေ့လျားသွားနိုင်ခဲ့ပြီပေါ့။

စိတ်ထဲမှာ ရေးစပ်ထားခဲ့တဲ့ သီချင်းတွေကို အော်ဂင်တီးပြီး ကိုယ်ကဆိုပြတဲ့အခါ ဖေဖေက တယောထိုးချင် ထိုးနေမှာပေါ့။ ဖေဖေ့ပန်းချီကားတွေနဲ့ ကိုယ့်ပန်းချီကားတွေပေါင်းပြီး ပြပွဲလုပ်ချင်တဲ့အခါလည်း လုပ်လိုက်မှာပေါ့။ ကိုယ့်သွေးသောက်တွေနဲ့အတူ ကမ္ဘာ့တနံတလျား ခရီးသွားချင်သွားပြီး ဖူးစာရှင် ရှာချင်လည်း ရှာလိုက်ဦးမပေါ့။ တောင်ပေါ်မြေပြန့် အနှံ့ခြေဆန့်ပြီး ရပ်ဝေးက ညီအစ်ကို မောင်နှမတွေဆီ အလည်အပတ် သွားချင်တဲ့အခါလည်း သွားလိုက်မပေါ့။

အခန်းကျဉ်းလေးထဲ ဧကစာကျင့်ခဲ့တဲ့သူအဖို့ နေရာအနှံ့ တိမ်လိုလွင့်ပျံဖို့ လောကဓမ္မတာ အခွင့်သာခဲ့သေးပါရဲ့။ နေကြာခင်းဝါဝါတွေ တွေ့တဲ့အခါ ခဏလောက်စတည်းချပြီး ပုံကြမ်းလေး ခြစ်လိုက်ချင်၊ တောင်တန်းပြာပြာ ရှုခင်းသာကိုရောက်ရင် ခရီးတထောက်နားပြီး လေချိုလေအေးလေး ရှူလိုက်ချင်နဲ့ လောကအနှံ့ တိမ်ခြေရာဖြန့်ခဲ့ဖူးပြီပေါ့။

တကယ်တော့ အခန်းကျဉ်းကလေးထဲမှာ ကိုယ်ကျင့်တဲ့တရားနဲ့ ကျယ်ပြောတဲ့ လောကကြီးထဲ ရောက်တဲ့အခါ ကိုယ်ကျင့်တဲ့တရားဟာ ဘာမှတော့ သိပ်မခြားနားခဲ့ဘူး။ ကြိမ်လိုကွေးညွှတ်သင့်တဲ့အခါ ကွေးညွှတ်ပြီး တိမ်လိုရွေ့လျားထွက်ခွာသင့်တဲ့အခါ တပ်မက်တွယ်ငြိစေတတ်တဲ့ အရာတွေဆီကနေ တိတ်တဆိတ် ထွက်ခွာခဲ့ရုံပါပဲ။

လောကကြီးဆီက ကိုယ်ယူသွားချင်တဲ့အရာ ဘာတခုမှ မရှိတော့တဲ့အခါ လူဟာ လွတ်လပ်သွားတော့တယ်။ ကိုယ့်ဖေဖေကတော့ ပန်းချီကားတွေ တထပ်ကြီး ထားခဲ့ပြီး စိတ်လွတ်ကိုယ်လွတ် ထွက်သွားခဲ့တာပါပဲ။ တိမ်လို လွင့်ပါးချင်တဲ့ ကိုယ်ကရော ဘာတွေများ ထားခဲ့နိုင်ပြီလဲ။

နောက်ဆုံးတော့ လောကထဲ ကိုယ်ထားခဲ့နိုင်တာဆိုလို့ ကိုယ်ကျင့်တဲ့တရားကလွဲပြီး ဘာများရှိနိုင်ပါ့မလဲ။

ဒီအခန်းကျဉ်းလေးထဲ နှစ်ပေါင်းနှစ်ဆယ်ကျော် ခင်ဗျား ဘယ်လို ရှင်သန်အောင် နေခဲ့သလဲလို့ တယောက်ယောက်က ကိုယ့်ကို မေးခဲ့ရင် ကြိမ်လိုကျင့်ခဲ့လို့ပေါ့လို့ ကိုယ်ကဖြေမယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ အာဏာပါးကွက်သားတွေလက်က လွတ်မြောက်အောင် ခင်ဗျားဘယ်လိုထွက်ခွာခဲ့သလဲလို့ တယောက်ယောက်က မေးခဲ့ရင် တိမ်လို ရွေ့လျားနိုင်ခဲ့လို့ပေါ့လို့ ကိုယ်ဖြေမယ်။

ဘယ်လိုအခန်းကျဉ်းလေးကမှ ကိုယ်တို့စိတ်တွေကို ပိတ်လှောင်မထားနိုင်ဘူး။ ကိုယ်တို့သီချင်းတွေ၊ ကဗျာတွေ၊ စာတွေ၊ အတွေးအခေါ်တွေကို ကန့်သတ်မထားနိုင်ဘူး။ ခန္ဓာကိုယ်ကသာ အခန်းကျဉ်းလေးထဲမှာ ကျန်နေခဲ့ပေမဲ့ ကိုယ်တို့စိတ်တွေက လောကတလင်းပြင်ထဲ အကြိမ်ကြိမ် ခရီးဆန့်လို့ ရနေလိမ့်မယ်။

မိုးကုပ်စက်ဝိုင်းကြီးကလည်း ကိုယ်တို့တိမ်တွေကို ရပ်တန့်ထားနိုင်မှာမဟုတ်ဘူး။ ကိုယ်တို့စိတ်အလျဉ်ဟာ တိမ်သားတွေလိုပဲ ကောင်းကင်ထဲ လွတ်လွတ်လပ်လပ်ကြီး ရွေ့လျားလို့... ပျံသန်းလို့ နေကြလိမ့်မယ်။

အရေးကြီးတာက ကြိမ်လိုကျင့်စဉ်မှာဖြစ်စေ တိမ်လိုလွင့်စဉ်မှာဖြစ်စေ အမုန်းတရားတွေ၊ အာဃာတတွေ ချိတ်တွယ်မထားမိဖို့ပဲ။ ကိုယ်ကျင့်တဲ့တရားက မျှတခဲ့ရင် လောကဓမ္မက တနေ့ သူ့တရားသူ စီရင်ပါလိမ့်မယ်။

(ကြိမ်လိုကွေးညွှတ် တိမ်လိုရွေ့လျားခဲ့သူသို့ ဦးညွှတ်ဂုဏ်ပြုလျက်)

မြတ်

အသံနားဆင်ရန် https://www.facebook.com/DVBTVNews/videos/42413147956153

(The Myanmar Peace Narrative မှ အက်ဆေးအား ပြန်လည်ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024