မကွေးတိုင်း၊ မြိုင်မြို့နယ် ကျေးရွာ ၃ ရွာက မီးဘေးသင့် ပြည်သူတွေနဲ့ စစ်ကောင်စီတပ်တွေ သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ ပြည်သူ ၂ ယောက်ရဲ့ မိသားစုဝင်တွေကို မေ ၁၂ ရက် နေ့လယ်ပိုင်းမှာ မြိုင် PDF က ငွေ ၁၀၃ သိန်းကျပ် ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ မြိုင် PDF တပ်ရင်း ၁ ဒုတပ်ရင်းမှူး ဗိုလ်ဘာဂျာက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ရွာသစ်ကြီးကျေးရွာက နေအိမ် ၇၆ လုံး၊ နှမ်းစားကျင်းရွာက နေအိမ် ၇ လုံးနဲ့ သံဘိုကြီးကျေးရွာက နေအိမ် ၁၀ လုံးအတွက် တအိမ်ထောင်ကို တသိန်းကျပ်နှုန်းနဲ့ ကျပ် ၉၃ သိန်း ထောက်ပံ့ပေးပြီး စစ်ကောင်စီတပ်တွေ ပစ်သတ်လိုက်လို့ သေဆုံးသွားတဲ့ ပြည်သူ ၂ ယောက်ရဲ့ မိသားစုဝင်တွေကို တယောက် ၅ သိန်းကျပ်နှုန်းနဲ့ ၁၀ သိန်းကျပ် စုစုပေါင်း ၁၀၃ သိန်းကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီထောက်ပံ့ငွေတွေဟာ မိဘပြည်သူတွေ လှူဒါန်းတဲ့ ငွေကြေးတွေနဲ့ လက်လုပ်လက်နက်ကြီး ထုတ်လုပ်ပြီး မဟာမိတ်တွေကို ပြန်လည်မျှဝေပေးလို့ ရရှိလာတဲ့ ငွေကြေးတွေနဲ့ ထောက်ပံ့ပေးတာ။ လက်နက်တွေက ရောင်းတာတော့ မဟုတ်ဘူး။ ညီနောင်မဟာမိတ်ထဲမှာ လက်နက်ကြီးမရှိတဲ့ အဖွဲ့တွေကို ပြန်မျှပေးတာ။ သူတို့မရှိတော့ ကျနော်တို့ကို ပြန်မျှခိုင်းတာ။ တမျိုးကို ဘယ်လောက်ဆိုပြီးတော့ မဟုတ်ဘူး၊ သူတို့ဆီမှာ သိန်း ၂၀ ရှိတယ်၊ သိန်း ၅၀ ရှိတယ်၊ ကျနော်တို့ဘက်ကလည်း ထုတ်ပြီးသား ဘယ်နှလုံးရှိတယ်၊ အဲလိုမျိုး ပြန်မျှဝေကြတာ။ သူတို့ဆီက ရရှိလာတဲ့ ငွေကြေးတွေနဲ့ မီးဘေးသင့်ပြည်သူတွေနဲ့ သေဆုံးခဲ့တဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေကို ငွေ ၁၀၃ သိန်းကျပ် ထောက်ပံ့ပေးတယ်။”
ဆက်လက်ပြီး ဒုတပ်ရင်းမှူးက “PDF တွေဆိုတာ စတင်တည်ထောင်စဉ်ကတည်းက ပြည်သူလူထုရဲ့ အထောက်ပံ့တွေနဲ့ ရပ်တည်လာခဲ့ကြတာ လက်ရှိအချိန်ထိပဲ။ နောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတာ ပြည်သူလူထုကို အကာကွယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ ဖြစ်တာကြောင့် ပြည်သူတွေ အခက်အခဲ ဒုက္ခဖြစ်တဲ့ အချိန်မှာလည်း ပြန်လည်ကူညီရမယ့်တာဝန် ရှိတာကြောင့် အခုလို ထောက်ပံ့လှူဒါန်းပေးခဲ့တာ” လို့ ဆိုပါတယ်။
မြိုင်မြို့နယ် လက်ယက်မကျေးရွာဘက်ကိုလည်း မေ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ လက်ယက်မကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ် တဲကြီးကျေးရွာနဲ့ နယ်သတ်ကျေးရွာနားမှာ မေ ၁၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်တွေနဲ့ မြိုင်PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့ရဲ့လက်ချက် မဟုတ်ဘူးလို့ အမြဲတမ်း ငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။